ရွှေစည်းခုံခြေတော်ရင်းဆီက…(၄)

on Sunday, November 14, 2010
ညောင်ဦးမှာ
ဘုရားဖူးပြီး၊ ခရီးကြုံတုန်း
ပုံးရည်ကြီး ၀ယ်ကြမယ်
ပြီးတော့တစ်ဖန်
မြင်းလှည်းခြူသံလေးနဲ့
ပုဂံမြို့ဘက်၊ ခရီးဆက်မယ်
မြို့ကျက်သရေဆောင် အချက်အချာ
ဒေါ်လာလက်တဲ့ နေရာ
သီရိပစ္စယာ တည်းခိုခန်း
ဝေးဝေးကပဲ လှမ်းကြည့်မယ်

လွမ်းစရာ မနက်ခင်းနော်
အဲဗားကွင်း စားတော်ဆက်နဲ့
ဧရာဟိုတယ်ဘက်ကို
ပင့်သက်နဲ့ တစ်ချက်ငေးရင်း
ဈေးချိုတဲ့ ထမင်းဆိုင်ရှာမယ်
မြန်မာပြည်ရဲ့ အမွေအနှစ်
ရွှေခေတ်ရဲ့ ယဉ်ကျေးမှု
ပန်းချီ, ပန်းယွန်း, ပန်းပု
ရှေးဟောင်း အနုပညာပြတိုက်
ပုဂံတစ်ဝိုက် လိုက်ရှာမယ်
ဆရာဇော်ဂျီရဲ့ ကဗျာတစ်ပုဒ်
လှိုက်ခနဲ သတိရလာခဲ့
… … …
ဤကမ္ဘာမှာ
ပြည်မြန်မာရယ်လို့ ၀င်းခဲ့သတဲ့
သည်မင်း, သည်ပြည်ထောင်ဖြင့်
မလေးမောင် ချစ်မငြီးနိုင်ဘု
ရွှေစည်းခုံ ခြေတော်ရင်းဆီက
ခေတ်ဟောင်းစံ ပုဂံသီချင်းကို’… တဲ့
တိုးတိုးညင်းညင်းလေးဆိုမယ်။

အလို
ဟိုမှာ ယမင်းပျိုကလေး
မင်း, ဘာကိုတွေးပါလိမ့်
ယွန်းပန်းချီရေးတဲ့ သူမ
ပုဂံမြို့သူရဲ့ သင်္ကေတလေ
လှပပြည့်ရွှန်း
လပြည့်ဝန်းလေးကို
ယွန်းရုပ်နတ်သွင်
ဖျတ်ခနဲထင်ငေးခဲ့
ဂန္ထ၀င် အတွေးနဲ့
နံရံဆေးရေးပန်းချီ
ရွှေချည် ငွေချည်ထိုး ဇာတ်ရုပ်
ဘယ်နိပါတ်တော်က ထုတ်ပါလိမ့်
ဟော့ဒီမှာ
ရုပ်သေး ဇာတ်ရုံတဲ့လေ
ဖေဇော်ဂျီ တောင်ဝှေးနဲ့
ဆေးကြိတ်ဖို့ ကခုန်
ရန်ကုန်မှာ မမြင်ဘူး
တိုးရစ်()တွေ အူမြူးသတဲ့
ထူးဆန်းတဲ့ ငွေရှာနည်းလား
ဧရာဝတီမြစ်ကြီးကို
ခွစီးထားတဲ့ ပုဂံ
ကျန်စစ်သားမင်းကြီးကြောင့်
အက်စ်အီးနဲ့ အက်ဖ်အီး
နက်စ်ကဖီးနဲ့ ဘီယာ
ကြည်သာရွှင်ပျနေတဲ့ ပုဂံ
ပုဂံဘုရင် နော်ရထာကြောင့်
ဒေါ်လာနဲ့ ဘော်ဒါ
အဖျော်ယမကာနဲ့ ဗီဒီယို
စိုပြေ, အိုကေနေတဲ့ ပုဂံ
အနိရုဒ္ဓ ဒေ၀ဘွဲ့ခံ
ပုဂံပြည့်ရှင် နော်ရထာသာ
မတော်တဆ ပြန်ရှင်လို့
သူ့ပုဂံကို
အခုတစ်ဖန် ပြန်မြင်လျှင်
သူ့ရင်ဘယ်သို့ ရှိစေမှန်း
ကျွန်ုပ်ရင်မှာ ပဲ့တင်လွှမ်း
ဆည်းဆာညနေ ထိုအလွမ်း  


ရွှေစည်းခုံခြေတော်ရင်းဆီက...(၃)

on Saturday, November 13, 2010
ထီးတော်လဲပြို စေတီအိုရယ်…
တစ်ကိုယ်ငြိမ်သက် လှည်းအိမ်ပျက်လေးရယ်…
ဝေးပြယ်ကျန်ရစ်
ဟို ဆယ့်တစ်ရာစုခေတ်က
အနိရုဒ္ဓ ဒေ၀ရဲ့ဝိညာဉ်ကို
သိလျှင် ပြောကြပါလေ။

ထီးလှိုင်ရှင် ကျန်စစ်သားရဲ့
အာနန္ဒာ ဂူဘုရား
အလောင်းစည်သူ တည်ထားတဲ့
သဗ္ဗညု ဂူဘုရား
နရပတိစည်သူရဲ့ ကောင်းမှု
ကန်တော့ပလ္လင်ရဲ့ ရှုခင်း
အနှစ်တစ်ထောင် ချဉ်းပေမယ့်
ရင်တွင်းသန့်အေး၊ ဆွတ်ပျံ့မွှေးဆဲ
အဝေးကမှန်း၊ ဆွေးလျလွမ်းဆဲ
စိတ်ဝမ်းပီတိ၊  ဂွမ်းဆီထိဆဲ
သတိသံဝေ၊ ဉာဏ်နှင့်ဖြေဆဲ
ပဒေသရာဇ်၊ မာန်မယစ်တဲ့
 ပုဂံခေတ်က…
ကျန်စစ်ရဲ့ သမိုင်း
ဘယ်သူနဲ့ တုနှိုင်းမလဲ
တိုင်းပြည်ရဲ့ ကျီထဲမှာ
ပြည့်ဝမ်းစာ ဆန်စပါး
အလျှံပယ် ထားရှိသူ
အမိရင်ခွင်က သားအသွင်
ပြည်သူကို သနားကြင်နာသူ
ညင်သာတဲ့ လက်ဝဲလက်ဖြင့်
ပြည်သူအတွက် အ၀တ်ပုဆိုး
အဖိုးတန် အဆင်တန်ဆာ ပေးအပ်သူ
မြင့်မြတ်တဲ့ လက်ယာလက်ဖြင့်
ပြည်သူအတွက် ဆန်စပါး
စားသောက်ဖွယ်ရာများ စွန့်ကြဲသူ
မြဲမြံတဲ့ ယုံကြည်မှုဖြင့်
မွန်-မြန်မာ စည်းရုံးရေး ပြုလုပ်သူ
စည်းစိမ်ဥစ္စာ မင်းအာဏာကို
အာသာရမ္မက် မဖြစ်
ပုဂံခေတ်ကို ဉာဏ်သစ်လောင်းခဲ့သူ
သမ္ဘူလရဲ့ ဘ၀သခင်
ရာဇကုမာရ်ရဲ့ ဖခင်
ကျန်စစ်ဘုရင် အကြောင်းကို
ပြန်ပြောင်းအောက်မေ့
ဟိုရှေ့က, သစ်ပင်ကြီးအောက်မှာ
စက်ဘီးကိုယ်စီနဲ့
ကျောင်းချိန်အမီ လာကြတဲ့
ပုဂံသူ ဆရာမလေးတွေ
တွေးနေ…ငေးနေ…ဆွေးနေသယောင်။

ရွှေစည်းခုံခြေတော်ရင်းဆီက...(၂)

on Friday, November 12, 2010
“လှည်းဝင်းရိုးသံ တညံညံ”
ပုဂံဘုရားပေါင်း…တဲ့
“ညိုးညိုး ညံညံ”
ပုဂံဆော်သည့်မောင်း…တဲ့
“ကိုးကိုးတန်”
ပုဂံအိမ်ခြေပေါင်း…တဲ့
ရှေးဟောင်းပုဂံနယ်က
အလျှံပယ် ကြွယ်ဝစေတဲ့ ခေတ်ကို
ဈေးဆစ်စရာ မလို
သံသယဖြစ်စရာ မလို
ထီးလို မင်းလို…
မင်းအို ချမ်းသာ…
အာနန္ဒာနဲ့ ရွှေဂူကြီး
သိမ္မစည်းနဲ့  မနူဟာ
အပါယ်ရတနာနဲ့ နဂါးရုံ
တောင်ပုံ လောကနာထနဲ့
ဆပဒ ပုထိုး…
စိုးမင်းကြီးအုတ်ကျောင်းနဲ့ မင်္ဂလာစေတီ
တောင်ဂူနီ မြောက်ဂူနီနဲ့
ဂူပြောက်ကြီး…
ရွှေစည်းခုံနဲ့ သဗ္ဗညု
ဥပါလိသိမ်နဲ့ ငကျွဲနားတောင်း
နတ်လှောင်ကျောင်းနဲ့ ကန်တော့ ပလ္လင်
ကျောက်ဂူဥမင်နဲ့ ဗူးဘုရား
သုံးနယ်ခြား ဂူဘုရားနဲ့
ပုထိုးသားများ ဂူ…
သမ္ဘူလနဲ့ လောကနန္ဒာ
စူဠာမဏိနဲ့ ဓမ္မရံကြီး
ဝက်ကြီးအင်းနဲ့ မဟာဗောဓိ
တန့်ကြည်တောင်နဲ့…
မြင်းကပါတစ်လျှောက်မှာ
သာသနာ့အရောင်တွေ တောက်ပခဲ့
မုဆိုးမတောင် ဘုရား တည်သတဲ့
ကြည်ညိုမှန်းဆ ဖူးမ၀သေး။

ပုပ္ပားက အပြန်ခရီး
ဟောဒီ့ သရပါတံခါး အနီးမှာပေါ့
မုဆိုးအိုကြီးတစ်ယောက်ရဲ့
တင်လျှောက်ချက်အရ
ဧရာမ ကျွဲရိုင်းကြီးကို
ဖမ်းဆီး သုတ်သင်ဖို့ အရေး
လူစွမ်းကောင်း မရွေးတော့ပါဘူး
ကိုယ်တော်တိုင် အမြန်ပြေးလို့
ရန်ဘေးကာကွယ်ရမယ်
သို့နှယ် နောက်ကြောင်းပြန်
ရွှေနန်းတော်ကို မေ့ချန်
ဧရာဝတီကို ဆန်တက်
အောင်သာရွာဘက်ကို ခရီးနှင်
စီးတော်ဆင် ”သန်မြင်စွာ”ကို
ရန်သူရှာဖို့ ချွန်းဖွင့်
ဆည်းဆာရောင်နီ ကြင့်ကြင့်မှာ
ပင့်သက်တောင် မရှုရဲကြ
ကျွဲရိုင်းနဲ့ ရှင်ဘုရင်ရဲ့တိုက်ပွဲ
အခုလို ယာခင်းပြင်ထဲမှာလေ
ကြေကွဲစရာ. ရင်နင့်စရာ
မမြင်ဝံ့စရာ. မရှုရက်စရာ
အနော်ရထာရဲ့ နိဂုံး
ပုဂံရဲ့ အကြီးမားဆုံး
ဆုံးရှုံးမှုကြီး တစ်ရပ်လေ
ပြည်သူတို့ ရင်ဘတ်စည်တီး ငိုကြ
အရိုအသေ အလေးအမြတ်ပြုကြ
သူ့လို ခေါင်းဆောင်ရှားပေစွ။

( ၁၉၉၂၊ အောက်တိုဘာလ၊ မြန်မာ့ဓနမဂ္ဂဇင်းတွင် ဖေါ်ပြခဲ့ဖူးသော ကဗျာဆရာမောင်ခိုင်မာ၏ ”ရှင်မရေ ” ကဗျာရှည် ကြီးထဲမှ ကူးယူဝေငှလိုက်ခြင်းဖြစ်ပါသည်။)

ရွှေစည်းခုံခြေတော်ရင်းဆီက...(၁)

 
(ပုဂံမြို့ဟောင်းတွင် ကြည်ညိုစရာ၊ ကြည်နူးစရာများပါပေသည်။ ကြည်ညိုစရာ ဆိုသည်မှာ သပ္ပာယ်လှသော ရှေးဟောင်းဘုရားစေတီများဖြစ်၍ ကြည်နူးစရာဆိုသည်မှာ နိုင်ငံသစ်တည်ခဲ့သော ရှေးခေတ်ပုဂံသားတို့ ဖြစ်သည်။ ကြည်ညိုစရာကို ဖူး၍ ကြည်နူးစရာကို တွေးရသည်မှာ ဖူး၍၊ တွေး၍ ကုန်နိုင်ပါတော့မည်လားဟု ကျွန်တော်တွေးမိသည်။ ဆရာဇော်ဂျီ၊ “ပုဂံမြို့ဟောင်းနှင့်ကျွန်တော်” ၊ ကံ့ကော်မြိုင်စာတန်း= ၁၉၆၅-မှ)
ပုဂံပြည်ရဲ့
ဧရာဝတီမြစ်ကမ်းပါးမှာ
ခမ်းနားစွာတည်နေပုံဟာ
ရွှေစည်းခုံစေတီတဲ့လေ
ပြည်သူတို့ရဲ့ နှလုံးသား
နိုင်ငံတော်ရဲ့ ခွန်အား
ရှင်အရဟံရဲ့ သဒ္ဓါတရား
အနော်ရထာနဲ့ ကျန်စစ်သား
မင်းနှစ်ပါးရဲ့စိတ်ဓာတ်
သည်ဘုရားမှာ အရိပ်ဟပ်နေတယ်
ဘုရားပရိဝုဏ် ခြေတော်ရင်း
ပြကွင်းပြရုပ် မုခ်လေးမုခ်မှာ
ခြင်္သေ့ရုပ် နှစ်ကောင်စီ အစောင့်ထား
မကြောက်တရားရဲ့သင်္ကေတ
ရဲလျှင် ထွက်ခဲ့ကြဟေ့“…လို့
ကြွေ့ကြွေ့ဟုန်းဟုန်း
ကြုံးဝါးနေဟန်
ပုဂံရဲ့ အနုပညာ
ပုဂံရဲ့ ဗိသုကာ
ပုဂံရဲ့ ပန်းရန်ပျံအတတ်
ပုဂံရဲ့ ကြံ့ခိုင်မြင့်မြတ်မှု
ဘယ်သူပြိုင်လို့ တုနိုင်မလဲ။
ပထမ မြန်မာနိုင်ငံတော်ကို
ဉာဏ်သစ်နဲ့ စည်းရုံး
လက်ရုံးနဲ့ တည်ဆောက်ခဲ့သူ
ပြည်သူကို အရေးထားပြီး
သွေးသားလို လေးစားခဲ့သူ
သည်ဇမ္ဗူ တစ်လူရှားပါဘိ
ယောက်ျားကောင်း ပီသခဲ့သူ
ဝမ်းလည်းဝ, ဉာဏ်လည်းထက်တဲ့
ပုဂံရဲ့ အသက်သွေးခဲ
ပုဂံရဲ့ အသည်းနှလုံးဖြစ်ခဲ့သူ
ပညာရှင်ကို ချစ်ခင်
အသစ်ထွင်သူကို ချီးမြှောက်
ဒုက္ခရောက်သူ ခပ်သိမ်းကို
ငြိမ်းချမ်း ရွှင်ပြုံးစေခဲ့သူ
နန်းစံသက် အနှစ်သုံးဆယ်မှာ
အလွယ်နဲ့ အခက်
အဖျက်နဲ့ အပြု၊ အနုနဲ့ အကြမ်း
အလွမ်းနဲ့ အပျော်ကို
တွေးခေါ်ဆင်ခြင်
အမြော်အမြင် ကြီးခဲ့သူ
ပြည်သူပြုံးလျှင် သူ့အပြုံး
ပြည်သူရှုံးလျှင် သူ့အရှုံး
ပြည်သူ့အဆိုး သူ့အဆိုး
ပြည်သူ့အကျိုး သူ့အကျိုးလို့
ရိုးသားစွာ ယုံကြည်ခဲ့သူ
ရွှေစည်းခုံ စေတီ ဒါယကာ
ထေရ၀ါဒ သာသနာ့ ဒါယကာ
အိုဘယ့်အနော်ရထာ။
(၁၉၉၂၊ အောက်တိုဘာလ၊ မြန်မာ့ဓနမဂ္ဂဇင်းတွင် ဖေါ်ပြခဲ့ဖူးသော ကဗျာဆရာမောင်ခိုင်မာ၏ရှင်မရေ ကဗျာရှည်ကြီးထဲမှ ကူးယူဝေငှလိုက်ခြင်းဖြစ်ပါသည်။)