ညောင်ရမ်းခေတ်သွင်းစာများ (၃၀)

on Thursday, January 27, 2011

ဘုရင်းမင်းတို့စံတော်မူရာအရပ်မှ နံတော်မူလရှိရာအရပ်၌ ကောင်းမှုစေတီတည်ထားအပ်ကြောင်းသွင်းစာ

          ဘုန်းတော်အလွန်းကြီးလျက် အသက်ရာမြတ် အာယုကပ်ပတ်လုံး အန္တရယ်ရန်မာန်ခပ်သိမ်း ကင်းငြိမ်းတော်မူ၍ ဗုဒ္ဓင်္ကုဘုရားအလျာဖြည့်ရာမှန်လှ စရိယတရားမြတ်သုံးပါးကို ဖြူထားစင်ထွေ ပြည့်လေလေသာ ဖြည့်ဆောင်တော်မူနိုင်ပါစေသောဟု၊ ဥတ္တမဟာသီလဝံသဆရာတော် မေတ္တာရည်မှတ်၍ မပြတ်ပို့ရောက်အပ်သော သာသနာ့ဒါယကာ မဟာဓမ္မရာဇ်တရားမင်းမြတ်၊ မင်းဘို့မင်းရန် မင်းနှင့်တန်သော၊ ကျင့်ဝတ်တရားတို့ကို၊ ဘုရားရှင်ဟောတော်မူနည်းတရားကို၊ အမှီပြု၍ ရှေးဆရာကြီးတို့၊ ဝတ္ထု စာစောင် ပျို့ကဗျာတို့ဖြင့်၊ မင်းကျင့်ခန်းကို ပြညွှန်တော်မူတိုင်း မချွတ်မယွင်း၊ ကျင့်ဆောင်တော်မူပါလျှင်၊ ချမ်းသာသုံးပါး ထင်ရှားရှေ့တော်က ရှိပါတော့သည်။ ထိုသို့လိုရာ ချမ်းသာသုံးပါး ထင်ရှားပြည့်ကြောင်း၊ ကောင်းမြတ်သော ရာဇဓမ္မအပေါင်းကို၊ အားထုတ်တော်မူသည်နှင့်အညီ၊ လောကီချမ်းသာ အဖြာဖြာနှိုက်၊ များစွာထောက်ထား မှတ်သားတော်မူရန်၊ ထုံးစံမကွာ ရှေးပညာရှိတို့လျှောက်ချက်၊ ရှေးမင်းဆက်တို့လည်း ဓမ္မမပျက် ဆောင်ရွက်ထုံးကား၊ ဗေဒင်ကျမ်းလာ ၁-နွေသား၊ မူလအရပ်ကား အနောက်မြောက်အရပ်၊ ၄-မူလမြောက်၊ ရာဟုမူလ အရှေ့မြောက်၊ ၂-လာ မူလအရှေ့၊ စနေမူလ အရှေ့တောင်၊ ၆-မူလတောင်၊ ၃-မူလ အနောက်တောင်၊ ၅-မူလ အနောက်။ ဟု မှတ်ချက်စဉ်လာရှိရာတွင်၊ ပညာရှိတို့ လျှောက်ထုံးကား၊ မူလနံတော်ရှိရာအရပ်သို့ ကောင်းမှုကုသိုလ်၊ တည်ထားပြုစုတော်မူရပါလျှင်၊ သာသနာတော်မြတ်စီးပွား ကိုယ်တော်မြတ်စီးပွား၊ ပြည်သူလူရဟန်းတို့ စီးပွား၊ သားတော်အစည်မြေးတော်အဆက်၊ မြစ်တော်အညွန့် အဓွန့်ရှည်စွာ၊ စီးပွားများကြောင်း လျှောက်ကြသည်နှင့်အညီ၊ မိုးညင်းမင်းတရား ၁-နွေ အနောက်မြောက် ယွန်းသို့ ရတနာစေတီကို တည်ထားတော်မူသည်။

          ထူပါရုံဒါယကာ ၄-မြောက်သို့ ကောင်းမှု။ ရတနာမြစည်းခုံဒါယကာ ၃-အနောက်တောင်သို့ ကောင်းမှု။ ညောင်ရမ်းမင်းတရား ၆-တောင်သို့ မဟာမြတ်မုဏိဘုရားစသော ကောင်းမှု။ အနောက်ဘက်စံ ၃-အနောက်တောင်သို့ ကောင်းမှု။ သာလွန်မင်း ၁-အနောက်မြောက်သို့ ကောင်းမှု။ ငါးထပ်ဝေဠုဝန်ကျောင်းဒါယကာ ၁-အနောက်မြောက်သို့ ကောင်းမှု။ ဘေးတော် ၃-အနောက်တောင်သို့ ကောင်းမှု။ ဘိုးတော်စနေ အရှေ့တောင်သို့ ကောင်းမှု။  ဤကဲ့သို့ရှေးမင်းတို့၊ ပိဋကတ်နှင့် မဆန့်ကျင်သော အရာဖြစ်က၊ လောကဓမ္မ မပျက်လိုက်နာ၊ ဆောင်ယူသကဲ့သို့၊ မဟာဓမ္မရာဇ်တရားမင်းမြတ်သည်လည်း ရှေးပညာရှိတို့အမြင်ကို အမြင်ပြုတော်မူ၍၊ ပျော်မွေ့တော်မူရာအရပ်မှ၊ နံတော်မူလရှိရာအရပ်သို့၊ အထူးကောင်းမှုပြုတော်မူရလျှင်၊ စီးပွားတော်သုံးပါး ထင်ရှားရှိကြောင်းကို၊ ထုံးဟောင်းနှင့်မကွာ မှတ်ယူရာရှိပါသည်။    

ညောင်ရမ်းခေတ်သွင်းစာများ (၂၉)


မိုးကြိုးသင့်သောနန်းတော်ကို ကျောင်းအဖြစ်ရွှေ့ပြောင်းဆောက်လိုပါ၍ ဆောက်သင့်သောအရပ်နှင့် လိုအပ်သည်များကို ညွှန်ပြပါရန်။

ရေမြေရှင်လျှောက်သည်ဆရာတော် ---
          ကျက်သွန်ခင်းမှာ နန်းကိုမိုးကြိုးသင့်သည်ဖြစ်၍ ရေမြေရှင်မြို့တွင်းနန်းတော်သို့ဝင်၍ စံတော်မူသည်။ ကျက်သွန်ခင်းမှာ နန်းတော်ကို ကျောင်းတော်ဆောက်ပါမည်။ အရပ်ကို ညွှန်တော်မူပါ၊ မိုးကြိုးသင့်သော နန်းတော်ဖြစ်သည်။ အလုံးစုံမျိုးပင် ကျောင်းတော်မှာဝင်စေ သင့်တော့သည်ဖြစ်၍ လျှောက်ပါသည်။ သိသာအောင် စာသွင်းတော်မူပါဆရာတော်။ 
သက္ကရာဇ် ၁၀၇၁ခု၊ တော်သလင်းလဆန်း ၂-ရက်နေ့၊ ဘုံကျော်တုလွတ်ကျောင်း သီရိသဒ္ဓမ္မဃောသ မဟာရာဇဂုရုဆရာတော်သို့ ဝရာစား ယပိုးစားတို့ကို စေတော်မူသည်။

ကြားလိုက်သည်ကား ---
          ဟံသာဝတီမှာ ဘုရင့်နောင်ကျော်ထင်နော်ရထာတည်သော အုပ်ရိုးစေတီထီးတော်မတင်ခင် မိုးကြိုးသင့်သည်။ ကောင်းမှုတော်လည်း ပြီးသည်၊ အကျိုးစီးပွားတော်များသည်၊ မင်းရဲကျော်စွာလက်ထက် နန်းဆောင်တော်ကို မိုးကြိုးသင့်သည်။ ထီးတင်ပြီးသောစေတီကို မိုးကြိုးပစ်သည်၊ ၅-ဆူဒါယကာ၌ အကျိုးယိုယွင်းချေသည်။ ရေမြေရှင်မှာ နန်းတော်ကို ခမည်းတော်စံတော်မူသော ဝမ်းပဲအင်းမှာ ကျောင်းတော် ဆောက်လျှင် သင့်၏။ ကျောင်းတော်အမည် အောင်မြေဘုံကျော်သမုတ်၍ တင်လှုတော်မူတော့ သင့်၏။ ကျောင်းတော်တင်မှာ ရေမြေရှင်ထွက်တော်မမူသင့်။ အမတ်တို့ကိုသာ ခန့်ထား၍ ရွှေကရားနှင့် ဆုတောင်းတော်စာနှင့် တင်လှုစေသင့်တော့သည် မဟာဓမ္မရာဇ်။   

ညောင်ရမ်းခေတ်သွင်းစာများ (၂၈)

on Wednesday, January 26, 2011

ရဟန်းကို ဥစ္စာနှံ၍ အခင်းဖြစ်ပါသည်ကို ဝိနည်းအဆုံးအဖြတ် သိလိုပါသည်။

ရေမြေရှင်လျှောက်သည်ဆရာတော် ---
လယ်ပြင်ရွှေကျောင်း ဇိနာရာမမဟာဓမ္မရာဇဂုရုဆရာတော်မှာ စန္ဒာဒေဝီမိဖုရား ခမည်းတော် ဥစ္စာငွေ ၂၀-အပ်သည်။ နောက်ဥစ္စာရှင်က အကြိမ်ကြိမ်ယူသည်၊ ဆရာ တကာ အကျွမ်းဝင်ကြသည်၊ ချစ်ကြသည်၊ လေးမြတ်ကြသည်ဖြစ်၍ ယူသမျှကို အမှတ်အသားမရှိ ယူလျှင်ပေးသည်။ နောက် ဥစ္စာရှင်ယောက်ျားမရှိနောက် ဥစ္စာရှင်မိန်းမနှင့်ဆရာတော် နှစ်ခွန်းစကားဖြစ်ကြရာတွင် ဝိနည်းထိုဆရာတော်ရှေ့ အယူအကောက်ကိုခံသည်။ ဆရာတော်ကျောင်းမှာ ယူလှာသူတို့ပြစေ၊ မပြန်လျှင် ငွေမဆုံသာ၊ လက္ခံသူကပေးစေ၊ ကောက်ယူရာတွင် ဆရာတော်အား အမှတ်အသားမရှိ၊ တပည့်အာသဘလောက သွင်းယူလှာသူတို့အမည်ကို မှတ်သည်။ ၃-ကြိမ် ယူငွေ ၉-ပိဿာစာရရှိသည်၊ ၁၁-ပိဿာငွေစာရင်းမရ လက္ခံသည့်ဆရာတော်က ပေးစေ ကောက်ယူရာသည်။ ကောက်ခုအတိုင်းမပေးလျှင် အဒိန္နံ ထေယျသင်္ခါတံ န အာဒါတဗ္ဗံ ဝိနည်းတော်ပြသည့်အတိုင်းဖြစ်စေ၊ ကောက်ချက်အတိုင်း ရေမြေရှင်က ဆရာရင်းဖြစ်၍ စန္ဒာဒေဝီမိဖုရား ခမည်းတော် မယ်တော်ဥစ္စာရပ် ၁၁-ပိဿာငွေကို ဘဏ္ဍာစာတည်ပါမည် သင့်ပါလော။ ငွေပင်ချိန် ကျပ်သင်္ချာပြ၍ ချိန်ပေးရမည်လော၊ တကာတော်က ဘဏ္ဍာစားတည်လျှင် လယ်ပြင်ရွှေကျောင်းဆရာတော် အမှုမျိုး ရဟန်းသင်္ဃာတို့ စက်ဆုပ်အပ်သောအရာလွတ်၍ ပကတိ ရှေးသိက္ခာတော်ယူသည့်အတိုင်း တည်ပါအံ့လောဟူ၍ ၁၂-ပါးသော ဝိနည်းကောက်အဆုံးအဖြတ် ဆရာတော်တို့ကို လျှောက်သည်။
သက္ကရာဇ် ၁၀၆၀-ခု၊ တပို့တွဲလ္ဆန်း ၁၃-ရက်နေ့၊ စည်သူရွာစား၊ ကညင်မြောင်စားတို့ကို စေတော်မူသည်။

ဆရာတော် တကျိပ် ၂-ပါး ကြားသည်ရေမြေ့ရှင် ---
          စန္ဒာဒေဝီမိဖုရား ခမည်းတော်ဥစ္စာငွေချိန် ၂၀-ကို ဇိနာရာမ မဟာဓမ္မရာဇဂုရုဆရာတော် မှာအပ်သည်။ အကြိမ်ကြိမ်ယူသည်ကို ဆရာကလည်းပေးသည်။ တကာကလည်း ယူကြလေတော့သည်သာ မမှတ်မသား ရှိသည်။ နောက်သုံးကြိမ်ယူသည့် ငွေ ၉-ပိဿာကိုမူကား တပည့်ပဉ္ဇင်းကမှတ်၍ သိရသည်။ အပ်ရင်းဥစ္စာ ဘဏ္ဍာကိုလည်း စာရင်းနှင့်ယူရမည်၊ ပေးလည်းစာရင်းနှင့်ပေးရမည်ကို မမှတ်မသား ဆရာနှင့်တကာ ချိန်းချက် စကားမှာသာ အကြောင်းဖြစ်သည်။ တကာအပ်သောခါ ယူလျှင်ပေးပါ အထူးစိတ်မရှိ၊ ကုန်ချိန်ရောက်လျှင် ကုံစေတော့ဆို၍ ဆရာက အမှတ်အသားမထားနေသည်ဖြစ်မည်။ ဆရာကလည်း တကာယူသည့်အကြိမ်ကို သိနိုင်တော့မည်လော။ ငွေကုံလျှင် ပြေတော့သည်ယူ၍ အမှတ်အသား မထားနေမည်ဖြစ်မည်ကို စစ်ရမည်။ ထိုသို့မဟုတ် ယူသည်အကြိမ်များသည်၊ တကာက သိနိုင်မည်မဟုတ် ယူ၍ ဥစ္စာရှင်ငွေဟူ၍လည်း သိစေ၊ ခိုးလိုသောစိတ်လည်း ရှိစေ၊ ခိုးလည်းခိုးစေ။ ဤသို့အင်္ဂါ ၃-ပါးညီချေလျှင်မူကား အဒိန္နံ ထေယျသင်္ခါတံ န အာဒါတဗ္ဗံ၊ အသမဏော အသကျပုတ္တိယော ဟူ၍ ယူရမည်။

          ဆရာတော်လည်း မမှတ်မသား၊ တကာ၌လည်း စာရင်းမထား၊ ယုံကြ၍ အထူးမရှိကြလျှင် သင်္ကာစွန်းငြိဘွယ်မရှိ၊ ဥစ္စာရှင်မရှိ၍ မိဘုရားမယ်တော်က တောင်းသည်ကို ဆရာတော်ကမပေးနေသည်။ မင်းယောက်ျားတို့က တောင်းသည်ယူသည်၊ စေသူတို့ကို မင်းမိန်းမ မသိနေသာမည်မဟုတ်၊ သိသည့်အတိုင်းပြစေ။ ဆရာတော်တပည့် ပဉ္ဇင်းမှတ်သားသည့်ငွေ ၉-ပိဿာကို ပစေ၊ ၁၁-ပိဿာငွေမှာ မိဘုရားမယ်တော်ကို သစ္စာပြုစေ၊ သစ္စာပြုဝံ့လျှင် ဆရာတော်ကလျော်စေ။ ငွေလျော်ရလျှင် ဆရာတော်ကို ဝတ်ဖြူလဲစေ၊ မိဖုရားမယ်တော် သစ္စာစကားမဆိုဝံ့လျှင် ငွေကိုလည်းဆုံးစေ၊ ဆြာတော်ကိုလည်း ဝတ်ဖြူလဲစေ၊ မကောက်မယူသာ။ ကောက်တန်းထားသည်ရေမြေရှင်က မိဘုရားမယ်တော်အမှု ဆရာတော်အမှုကို သိမ်း၍ ဘဏ္ဍာစားတည်လျှင်မူကား ဆရာမှာလည်း အပြစ်မရှိ၊ တကာမှာလည်း အပြစ်မရှိ ဖြစ်တော့သည်။

          ဘဏ္ဍာစားတည်ရာမှာ သူတပါးဥစ္စာဟူ၍လည်း သိစေ၊ ခိုးလိုသောစိတ်လည်း ရှိစေ၊ ခိုးလည်း ခိုးယူစေ၊ ဤအင်္ဂါညီမှ သိက္ခာတော်ကိုယ်မှ လွတ်မည်။ ပါဒံဝါ ပါဒါရဟံဝါ အတိရေကပါဒံဝါ ကျမ်းလာသည်။ တမတ်သော်လည်းဖြစ်စေ၊ တမတ်ထိုက်သောဥစ္စာသော်လည်းဖြစ်စေ၊ တမတ်ထက်လွန်သော ဥစ္စာသော် ၍လည်းဖြစ်စေ၊ ခိုးသော်လည်း ပါရာဇိကခိုးလိုသောစိတ်ရှိ၏။ မခိုးမယူလျှင် ထုလ္လစည်းအာပတ်တတ်သည်။ သူ၏ဥစ္စာကိုလည်း သိ၏၊ ခိုးလိုသောစိတ်လည်း မရှိ၊ ခိုးလည်းမခိုးသည်မှာ ရဟန်းမှုအထူးမရှိ၊ အင်္ဂါ ၃-ပါးမညီသည် ကြေးငွေတို့ကိုနည်း ထိုနည်းကောက်၊ ဝိနည်းအဆုံးအဖြတ် ဆရာတော်တို့သည် တရားမင်းမြတ်ဘုန်းအာဏာကို အာဏာပြု၍ ငွေ ၁၀၀-ကိုချေး၍တော်သော်လည်း ပါရာဇိကမရောက်၊ ကြေးငွေ ရွှေ ကိုင်ချေရာမှာ နိသဂ္ဂိအာပတ်သည်၊ ပေးရသူတို့ကလည်း မခံနိုင်၍ပေးသည်၊ ကြောက်၍ပေးရသည် အရာသာဖြစ်သည်၊ လယ်ပြင်ရွှေကျောင်းဆရာတော်ကို သိက္ခာတော်မှလွတ်စေ၊ ဝိနည်းတော်မရှိချေ၊ ဝိနည်းတော်မှ မလွတ်သမျှသည် ဥစ္စာအပ်ရင်းသူတို့ ဥစ္စာဆုံးသော်လည်း ဥစ္စာရှင်က ယူစလည်းရှိသည်၊ ဆရာက ပေးစလည်းရှိချေသည်၊ မမှတ်သည့်အချက်သာ ဆရာတော်တွင် အပြစ်ရှိသည်၊ ရေမြေရှင်က ဘဏ္ဍာစား တည်ပါမည်၊ ဆရာတော်တို့ကို လျှောက်ရာမှာ တည်စေတော့မဆိုသာ၊ ဘဏ္ဍာစားတည်ရချေလျှင် ဆရာတော်ကို အများသင်္ကာစွန်းငြိကြလေလျှင် ပစ်မှားသူတို့မှာ အပါယ်လားရမည်အကြောင်းဖြစ်တော့သည်။

          ဆရာနှင့်တပည့် ဆရာနှင့်တကာ ကြမ္မာကိုယိုးကြ၍ လက်ဆုပ်ဖြေ၍နေကြလျှင် သင့်တော့သည်။ ၁၁-ပိဿာငွေသည် ရေမြေရှင်မှာ ဘိတ်စည်သည့်ခန့်မျှမရှိ ပေးလည်းသင့်၏။ မပေးလည်း သင့်၏။ လယ်ပြင်ရွှေကျောင်း ဇိနာရာမ မဟာဓမ္မရာဇဂုရုဆရာတော်သည် ရေမြေရှင်ငယ်ရွယ်ခါက ပြုစုမစ သွန်သင်၍ အလုံးစုံပြီးပြေချေသည်။ ကျေးဇူးတော်ကို ဆပ်သည်လည်း မည်တော့သည်။ ဆရာ၌ အမှုရှိလျှင် တပည့်ထောက်မသည်လည်း မည်တော့သည်။ ဆရာတော်မှာ အပြစ်မရှိဟူ၍ နှလုံးတော်အမြဲသွင်းကောင်း ရချိမ့်မည် တရားမင်းမြတ်။   

ညောင်ရမ်းခေတ်သွင်းစာများ (၂၇)

on Tuesday, January 25, 2011

ရှေးပုဂံမင်း ၅၅-ဆက်စိုးစံခဲ့သောပုဂံမြို့ဟောင်းတွင် မင်းဧကရာဇ်သော်လည်းကောင်း၊ ညီတော်တပါးပါး သော်လည်းကောင်း ပြောင်းရွှေ့ စံနေသင့် မသင့် သိလိုပါသည်။

ရေမြေရှင်လျှောက်သည်ဆရာတော် ---
ပေါက္ကာရာမပြည်သည် အကြေ ၉-ရွာ၊ အညာ ၉-ရွာခြံရံသည်။ ရှေးသမုဒ္ဓရာဇ်မင်းလည်း သရေခေတ္တရာ ပြည်ကိုအစိုးရသော သုပညာနဂရ ဆိန္နမင်းမြေးဖြစ်၍ တိုင်းမှုပြည်ရေးကို ကျွမ်းသိလိမ္မာသည်။ တုရွင်းတောင်၌ ထီးနန်းစံသောအခါ မြို့မတည်၊ သစ်မြို့တည်၍ စံသည်။ ယခုပုဂံမြို့ကိုလည်း ပျည်ပြားမင်းတည်သည်။ မြို့တံခါး ၁၂-ရပ်၊ ပြကြီးပြငယ် ကျုံးမြောင်း နတ်စောင်း သိမ် စေတီ ပိဋကတ်တိုက် ကျောင်းတော်ဆောက်၍ သာသနာတော်ကို ပြုစုတော်မူသည်။ နန်းနေမင်းလည်း ၅၅-ဆက် မြို့သက်တထောင်နေသည်။ မြို့သည် စိုးအုပ်သောမင်း လွတ်လပ်၍ မသင့်ဟူ၍ ယူပါသည်။ ရေမြေရှင်စံနေသော်လည်း သင့်ပါမည်။ ညီတော် မဟာနေမျိုးသတိုးဓမ္မရာဇာတို့ စံနေစေသည် သင့်မည်ကို စာသွင်းတော်မူပါဆရာတော်။      ။
ရည်မှန်နှင့်ကျော်ခေါင်ကို စေတော်မူသည်။

ဆရာတော်ကြားလိုက်သည်ကား ---
ပေါက္ကာရာမမြို့လည်း မင်းနေပြည်ကြီး၊ ရွှေဝမြို့ကြီးလည်း မင်းနေပြည်ကြီးဖြစ်သည်။ ဘေးတော် သတိုးမင်းဖျားမှစ၍ ညောင်ရန်းမင်းကသည် သားတော်မြေးတော်ဆက်၍ ရေမြေရှင်သည်မြစ်တော်ဖြစ်၍ အစည်စံနေသောမြို့ကိုခွါ၍ တခြားမြို့နန်းစံတော်မူလိုသော်လည်း ၂-လ ၃-လကိုမှ မခွါသင့်ချေ။ ဘေးတော် ဘိုးတော်တို့အရိုက်အရာ သာသနာတော်ကို ပိဋကတ်တော်ကိုတိုက်တည်၍ ပြုစုတော်မူသော မဟာဌာဝရ တွင်သာ စံတော်မူသင့်သည်။ ရတနာပူရရွှေ(ဝ)မြို့ကြီးကခွါ၍ စံတော်မူသည်ကို ဆရာတော်ကမကြိုက်ရှိသည်။ ညီတော်မဟာနေမျိုးသတိုးဓမ္မရာဇာခန့်တော်မူ၍ သီရိသုဓမ္မရာဇာတံဆိပ်တော်နှင့် စကြော ၅-ပွင့်ဆိမ်အမွမ်း ပြောက်ရွှေနှစ်စု အနီတစု အဝါစိန်တောင်တုရင်တိုက် မှန်ကင်းစိုက်၍ ထီးဖြူလေးစင်း၊ ကျိုင်းရွှေချက် ၆၊ တနိုင်ငံစားမင်းတို့အဆောင်အရွက်အစုံ၊ ဝေါကြီး ရွှေအောင်စည်တော်စုံပေး၍ ပုဂံမင်းကြီးသမုတ်၍ စိုးအုပ်စံစေ လျှင်လည်း သင့်တော့သည်။ ညီတော်ပြင် တထီးတနန်းစိုးထိုက်အုပ်တိုက်မည်သူမရှိ။

သီဟိုဠ်ကျွန်းကိုအစိုးရသော အဘယဒုဋ္ဌကာမဏိမင်းလက်ထက် ညီတော်သဒ္ဓါတိဿကို တမြို့တနန်း စိုးအုပ်စေ၍ ထိုနိုင်ငံ၌ ထီးဖြူရွှေနန်းဝေါကြီး ကျိုင်းရွှေချက် ၆၊ ထီးဖြူလေးစင်းပေး၍ နေစေသော ထုံးစံရှိသည်။ ရေမြေရှင်မှာလည်း ညီတော်စည်ကူးမင်းသားကို နေစေလျှင် သင့်၏ဟူ၍ သီရိမဟာအာသဘ လောကဓမ္မ ရာဇဂုရုဆရာတော်မိန့်တော်မူကြောင်းနှင့် စာသွင်းစေ၏။ ညီတော်စည်ကူးမင်းကိုခေါ်တော်မူ၍ သံတဆိပ်တော် သီရိသုဓမ္မရာဇာ ရှေ့တော်တွင်ပေးအပ်တော်မူအပ်၏။

သက္ကရာဇ် ၁၁၇၂-ခု၊ နယုန်လ္ဆန်း ၈-ရက်နေ့ ပုဂံသို့စုံတော်မူမည်ကို မြစ်ရိုးတလျှောက် တဲနန်းတော် ဆောက်စေ။ နန်းတော်အမည်ကို ပဏ္ဍိတရာဇသူရိယ၊ လက်ဝဲကျော်သူတို့ကိုရွေးချယ်စစ်၍ သမုတ်စေ။ ပန်းသုံး တိုင်စိုက်၍ နန်းတော်အမည် စာချွန်ဆွဲ၍ ပုံဏားတို့ကို သမုတ်စေ။ သီရိမဟာ အာသဘလောကဓမ္မရာဇဂုရု၊ ပရမ မဟာဓမ္မရာဇဂုရု ၊ဇမ္ဗု့ဒီပဓဇ မဟာဓမ္မရာဇဂုရု၊ မဟာသီဝရာဇဂုရု၊ စစ်ကိုင်းတပင်တိုင် အနန္တဓဇ ဆရာတော်တို့နှင့် အာသဘလောကတိုက်က ဉာဏကာမိ၊ ပုညကာမိ ပဏ္ဍိတို့ကို ပင့်စေ၍ ကျီဝန် စာရေးနှင့်အိမ်ဆောင်လှေကြီးတွင် ဆွမ်းဆန်အဖွယ်အရာတင်၍ အညာ အရိပ်မထွက်ကလှေခတ်လူ ၄၀-ပေးစေရမည်။ ထွက်တော်မူကြီးရေသဘင်စံတော်မူမည် ဝန်တို့စီရင်။

ညီတော်သီရိသုဓမ္မရာဇာကို ဇာမရီတောင်တော် ပြဿဒ် ၅-ဘုံကိုအပ်၊ ညီတော်မှာ မင်းကိုယ်လုပ်တော် စီး ၂-စင်းတွဲ မိုးနီဘောင်တော်ကိုအပ်၊ အိမ်ရှေ့တော်ဆောင်တွင် တနိုင်ငံနေထီးဆောင်နန်းနေတို့အဆောင်ကို သနားတော်မူသည်။ ဝန်တို့က အကြီးတို့ကို ခေါ်၍ပြန်။   ။ ပုဂံမြို့တခါးပြမှစ၍ ဈေးတန်းဈေးနေ ဆိုင်အရောင်းအဝယ်တန်းများကို ပုံရေး၍ ဝန်တို့ကသွင်း။       ။

ပေါက္ကာရာမသို့ရောက်တော်မူမည်တွင် ဇေယဂုံစေတီတော်ကိုတက်၍ ရှိခိုးဖူးမြော် ပူဇော်တော်မူသည်။ ငှက်ပြစ်တောင်တိုက်၊ ရွှေကျောင်းတိုက်၊ ခေမင်္ဂတိုက်၊ သဓမ္မစာရီတိုက် ၄-တိုက်တွင် သတင်းသုံးနေသော ပုဂ္ဂိုလ်တို့ကို တံဆိပ်တော် ၄-ဆူ လှုတော်မူသည်။ ဆွမ်းတော်ကျွေး၍ တရားတော်နာသည်။ စေတီတော်ကို ကိုယ်တော်လုံးပြည့် ရွှေထည့်တော်မူသည်။ စစ်သား လှော်ကားညောင်ရန်းတို့နှင့် အပါအဝင်လူစုတို့ကိုထပ်၍ အလှုတော်စာဖတ်ပြီးလျှင် ရွှေကရားနှင့် ရေစက်ချတော်မူသည်။ပုဂံမြို့သို့ ရောက်တော်မူရာတွင် မင်္ဂလာ တံဆိပ်တံခါးက ဝန်တော်မူမည်မှာ တန်ဆောင်းမှာ မျက်နှာကြပ် ကြာယပ်သတောင်းလည်နှင့် စီရင်သည်၊ ဆရာတော်တို့ ကျောင်းတော်များကို ဆောံရသည်၊မြို့တွင်းနန်းတော် အောင်မြေရတနာ မင်္ဂလာ နန်းတော်
သမုတ်၍ စံတော်မူသည်။ညီတောကိုလည်း နန်းတော်အနောက်မြောက်ယွန်းက အိမ်တော်ကို နေစေသည်။ အိမ်ရှေ့ဆောင်တွင် တိုး၍ သနားတော်မူသည်။

ပေါက်ပင်ရာစေတီ၊ ဘွတ်ကူး၊ ဘ္နာ၊ ကူပျိုင်ကူပြိုင်လှည်၊ ကူရွှေ၊ ကူရတနာမဉ္ဖူဘုရားရှင်တို့ကို ကိုယ်တော်လုံးပြည့် ရွှေထည့်တော်မူသည်၊ တလခံ၍ အင်းဝသို့ပြန်သည်၊ သားတော်မြေထဲမင်းသား၊ နှမတော်အကြီးသီရိ သုနန္ဒာဒေဝီရွှေဘွဲ့ဆက်စေ၍ ညီတော်စဥ့်ကူးမြို့စားနှင့် စုံဘက်တော်မူ၍ ပုဂံမြို့ကို ထီးဖြူရွှေနန်းနှင့်တကွ သနားတော်မူသည်။     ။သက္ကရာဇ် ၁၀၇၃-ခု၊တပို့တွဲလဆန်း ၁၃-ရက်နေ့ ပုဂံသို့စုံရမည်၊နန်းတွင်းသို့ ခေါ် တော်မူ၍ သစ္စာတော်ပေးမှ မာန်အောင်တံခါးက မင်း မိဖုရားဝေါစီး၍ ထွက်သည်၊စုံရသည်၊ပုဂံသို့ ရောက်မှ ဝင်းမှုး ၄၊ရွှေလွှတ် ရွှေရုံး နောက်ရုံးတံခါးနီး မာရဘင်လက်ဝဲလက်ယာတံခါးစီရင်သည်။ နန်းဆောင်တော် ဇေတဝန်သုံးထပ်၊ ယွန်းဆက် ဒဝယ်ဆောက်၍ တုရင်တပ်၍ မှန်ကင်းစိုက်သည်၊ ဗဟိုစင်ခေါင်းလောင်းတီးရန် မြေမှတ်မဏ္ဍိုင်လေးချက် ရွှေကန္နက်စိုက်သည်၊ နာရီမောင်း တန်ဆောင်းနှင့် နှရည်သာတီးခင်သည်။ ဗဟိုစင်မတည် မထားခင် စည်တော်မကြက်ခင်လေ။         ။

သက္ကရာဇ် ၁၀၇၄-ခု၊ ရာဇပလ္လင်ဥဂင်ထွက်၍ ကတော့ခံသည်။ ဗြဲတိုက်ထွက်သည်။ လွှတ်ထွက်သည်။ မြို့လှည့်သည်အရာများကို နောင်တော်ရတနာပူရအဝကို အစိုးရသော ဘဝရှင်မင်းတရား စာသနားတော်မမူ နှုတ်တော်သာမှာထားတော်မူသည့်အတိုင်း ညီတော်ပုဂံမင်းစီရင်၍ စံတော်မူသည်။ ကျိုင်းရွှေချက် ၂-တိုး၍ ၈-ချက်ဆောက်သည်။          ။

`        (းးးးး)ယူအပ်၊အဘယ့်ကြောင့်နည်းဟူမူ ဤနှိုက်ထက်ဟူသော သဒ္ဒါသည် ထက်မြက်ခြင်းကိုဟော သော၊ တိခိဏ တိဏှ တိက္ခသဒ္ဒါတို့၏ အနက်မဟုတ်၊ ဤကဗျာဆရာသည် တတောပိဿ ခိပ္ပတရံဟူသော ပါဠိတော်နှိုက် တတောဟူသော ဝိဘတ္တအပါဒါန်ကိုမှီ၍ သီကုန်းရေးသားသောကြောင့်အပါဒါနန္တိမှ အောက်ထပ် ဟူသော ပရိဘာသာနှင့်အညီ ဆန္နဝုတီနံ ပါသဏ္ဌာနံစသော ပဌ်နှိုက်၊ ပါသဏ္ဌာနံ-ပါသဏ္ဍတရားတို့ထက် ဟူ၍ဟောသော ထက်သဒ္ဒါကဲ့သို့၊ ဝိဘတ္တအပါဒါန်အနက်ရှိသော၊ ထက်သဒ္ဒါဖြစ်၍ ထိုဆရာတို့စကားကို ပညာရှိတို့ အလယ်၌ ရယ်ဘွယ်ဖြစ်ရကား ပယ်စွန့်အပ်၏။

    ဤတွင်ရွေ့ကားဝိဓူရဇာတ် ပါဠိ အဋ္ဌကထာ၎င်းပျို့တို့နှိုက် စိတ်ထက် ပုဏ္ဏကနတ်သော၊ မနောမယသိဒ္ဓိမြင်း လျင်မြန်ကြောင်းနှင့်လာသောအရာတွင်၊ ဝန်ရှင်တော်လယ်ကိုင်းစား သ္နေတ်ဝန်မင်းကြီးက လျှောက်ထား၍ တောင်ခွင်မင်းကြီးတိုက်နှိုက် သီတင်းသုံးနေသော ဝိသုဒ္ဓကဝိဓဇမဟာဓမ္မရာဇဂုရုတံဆိပ်နာမံရှိသောဆရာတော် သည် ဖြေဆိုအပ်သော ဝိသဇ္ဖနာကား ၁၂၄၅-ခု၊တော်သလင်းလပြည့်ကျော် ၁-ရက်နေ့တွင် ပြီး၏။

ညောင်ရမ်းခေတ်သွင်းစာများ (၂၆)


စည်၊ တပိုး၊ အောင်လံ၊ ဆောင်လံနှင့်ထီးဖြူတော်တို့တွင် အင်းချ၍ ဂါထာဆောင်နတ် ရုပ်ရေးမြဲထုံးနည်းကို သိလိုပါသည်။       

ရေမြေရှင်လျှောက်သည်ဆရာတော် ---
          ထွက်စည် ဝင်စည် တိုက်စည် မောင်း တပိုး အောင်လံ ဆောင်လံများတွင်သော်လည်းကောင်း၊ မင်းဧကရာဇ်တို့ စီးဆင်တက်တင်သော နန်းပေါင်းတွင်စိုက်သော ထီးဖြူထီးတော် ရွှေချက် ခရိုင် ထီးရိုး ရွှေချူ ညောင်ရွက်များတွင် ရေးရိုး ချရိုး ထားရိုး အင်းရိုး၊ ဂါထာနတ်စောင့်ရုပ်ပြီးသဏ္ဌာန်ရဲလှံလှည်၊ လှံကျည်ဖျားတွင် စီရင်ရိုး ရေးထားရိုးတို့ကို သိချင်ပါသည်။ ယခု ကျိုင်းတုံစော်ဘွားငယ်သည် ရေမြေရှင်သစ္စာတော်ကို မစောင့်ဖေါက်ပြန်ဆန်လွှန်၍ ပုန်ကန်သည်ကို သားတော်ပထမမင်းသား ခေါင်းလောင်းတော်မှာ ငွေ ရွှေ ကြေးဝါ ကြေးနီ သွတ် ကျွတ် ခဲမဖြူ ၇-ပါးစပ်နှော၍ ၃၃၃-ကျော်ကို အသားတင်ထားပြီးလျှင် လွှတ်တော်ရှေ့ပညာရှိတို့ သွန်းလုပ်သည်။ အင်းအိုင် ယတရာ ဂါထာ စာတန်း ထုလုပ်ရေးသားသည်။ ပြီးလျှင် ဗဟိုရ်စင်သို့တင်၍ ရဲတော်မြင်းစီး၊ ဒိပ္ပရန်အောင်၊ နတ်ရှင်မြင်းစီး ဒိပ္ပကျော်တင်တို့ ဆွဲတီးရပါသည်။ ဓာတ်စည်တော် ၄-လုံးနှင့်ထွက်စဉ် ဝင်စည် အောင်စည်အောင်မောင်း နာရီမောင်း နာရီဖလား သူရဲကြီးတပ်အလံ အောင်လံတော်များကိုသာ အသစ်လုပ်ဆောင်ရပါသည်။ မြို့ပတ်လည်ဓာတ်တံခါးတော်များမှာလည်း အတွင်းပြင် နတ်ရုပ် ဆေးရုပ် ကြေးရုပ် ကြောံရုပ် အင်းအိုင် ယတြာ နှံထားပါသည်။

အလောင်းမင်းတရားကြီး လူပြည်ညီး၍ နတ်ပြည်စံတော်မူလျှင် သားတော်အကြီးအိမ်ရှေ့မင်း ရွှေနန်း တက်တော်မူသည့်ကာလ နတ်ပြည်စံတော်မူသည့်အလောင်းတော် ရွှေမြို့တော်သို့ ဆိုက်ရောက်သည့်နေ့က အလောင်းတော်ကို သင်္ဂြိုဟ်ပြီးနောက် ၇-ရက်လည်သည့်တိုင်အောင် ဗဟိုရ်စဉ်ခေါင်းလောင်းများကို မတီးမခတ် မြေသို့မချ ဆွဲရာအရပ်ကဖြုတ်၍ ဗဟိုရ်စင်ပေါ်တွင်သာ ထားပါသည်။ နောက်အိမ်ရှေ့မင်း အထွဋ်အမြတ် ရောက်တော်မူ၍ ကံတော့ခံတော်မူသည်ကာလမှ အခါတော်နှင့် ထိုစဉ်ခေါင်းလောင်းများကိုပင်ဆွဲ၍ တီးမြဲတီးရင်း လူတို့ တီးရပါသည်။
          
    မဟာဇေယျပူရစကိုင်းမြို့တည်မင်းတရားကြီး လူပြည်ညီး၍ နတ်ပြည်စံတော်မူပြန်လျှင် ညီတော်မြေတူး မင်း အထွဋ်အမြတ်ရောက်တော်မူသည့်ကာလ ထိုစဉ် ခေါင်းလောင်းများကို အောက်သို့မချ၊ အထက်နည်း အခါတော်နှင့် ဆွဲတီးမြဲတီးရင်းလူတို့ ဆွဲတီးပါသည်။ ဆင်ဖြူရှင်မင်းတရားအဝမြို့သို့ ပြောင်းစံတော်မူရာ မယ်တော်ဘုရားကြီးရတနာသိင်္ဃမြို့တွင် ၁၀-ကျော်စံတော်မူရစ်သည်အတွင်းလည်း ငါတို့အောင်စဉ် ခေါင်းလောင်းများကို တီးမြဲတီးစေ အမိန့်တော်ပြန်၍ မဆိတ်မညံ မယ်တော်မိဘုရားခေါင်ကြီး အမိန့်တော် အတိုင်း တီးမြဲတီးရစ်ပါသည်။

          ထိုနောက် မဟာမင်္ဂလာ ရတနာဓိပတိ သီရိရာဇာစန္ဒာဒေဝီ တံဆိပ်နာမံတော်ရှိသော မယ်တော် မိဘုရားကြီး ရတနာပူရအင်းဝရွှေမြို့တော်သို့ သားတော်မင်းဧကရာဇ် ဆင်ဖြူရှင်မင်းတရားနှင့် အတူလိုက်၍ ပြောင်းကြွစံတော်မူပြီးနောက် ဆင်ဖြူရှင်ဘုရားအမိန့်တော်နှင့် ထိုစဉ်ခေါင်းလောင်းများကို ဗဟိုစဉ်ကချ၍ မြို့တော်မြို့ကြီးအရှေ့မြောက်ထောင့် မှော်တောမြင်သာဘုရားစေတီတော်ကြီးမှာ တံဆောင်းဆောက်၍ လှုရပါသည်။

          ဘဝရှင်အလောင်းမင်းတရားကြီးဘုရား အထွဋ်အမြတ်ရောက်တော်မူလျှင် ခမဉ်းတော်ကို မဟာသီရိ ဓမ္မရာဇာ၊ မယ်တော်ကိုလည်း သီရိမဟာဒေဝီဘွဲ့တော်ဆက်ရသည်မှာ ရွှေပေ အလျား ၂ိ၊ အနံ ၅ံ၊ အနားပတ္တမြားတရစ်စီ သင်ဘုန်းခေါင်းရင်းဖျား ပတ္တမြားနှစ်ရစ်စီ စာတားပတ္တမြားနှစ်ရစ်စီနှင့် လွှတ်တော် ထက်တွင် လကွဲနော်ရထာ ရွှေကညစ်နှင့်ဘွဲ့တော် ၂-ကိုရေးရသည်။ ပြီးလျှင် ရွှေသားကလပ်နှင့်တင်၍ ခမဉ်းတော် မယ်တော် စံတော်မူရင်းအိမ်တော်တွင် ကြံခင်းမင်းကြီး ဘတ်လျှောက် ဆက်သရသည်။ ငွေအသပြာရေ ၁၀၀၀-စီ၊ ရွှေအသပြာရေ ၁၀၀-စီ၊ ထဉ်မျိုးအုပ်မျိုး ၁၀၀-ရာစီ၊ စိန်မြပတ္တမြားတင် လက်စွပ်ကွင်းရေ ၃၀-စီကိုလည်း ရွှေဒေါင်းလမ်းနှင့်တင့်ကြောံမြောင်းအစီရင် ရံထိပ်ကျော်ထင်နှင့် သမန်းသိင်္ခ ပုညရဲကျော် သရေပုညာတို့ ပိုက်ပွေ့ဆောင်ယူဆက်သရသည်။

          အလောင်းမင်းတရားကြီးဘုရား ဘကိုးမြို့ကိုအောင်တော်မူ၍ ရွှေမြို့တော်သို့အပြန် သက္ကရာဇ် ၁၁၁၄-ခု၊ တပေါင်းလအတွင်း ခမဉ်းတော်မဟာသီရိဓမ္မရာဇာ မကျမ်းမမာတော်တို့ ချီသွားလျှင် စကြာအောင်လံတော် မပါရ၊ နတ်ရုပ်၊ တို့ဘုရားလောင်းဇာတ်တော်တွင် ရန်ဆူးရန်ညောင့်ကို အောင်တော်မူသောဂါထာတို့ကို အင်းရေးသည်၊ စာရံသည်များကို နှလုံးတော်သွင်း၍ ဘဝရှင်မင်းတရားတို့နှင့်သင့်သည်၊ သားတော်တို့နှင့် တန်သည်။ မှုးကြီးမတ်ကြီးတို့နှင့်တန်သည်ကိုသာ စိတ်တော်ဉာဏ်တော်ခွဲခြမ်း၍ စီရင်တော်မူပါလျှင် သင့်ပါမည် မဟာဓမ္မရာဇ်တရားမင်းမြတ်။   ။
(မြို့တွင်းဝတော ပထမဆရာတော်သွင်းသည်။)

ညောင်ရမ်းခေတ်သွင်းစာများ (၂၅)

on Monday, January 24, 2011

အာတပ္ပနကျမ်းလာ စစ်ချီအစီအရင်တို့ ကောင်း မကောင်း သိလိုပါသည်။

ရေမြေရှင်လျှောက်သည်ဆရာတော် ---
          အာတပ္ပနဗေဒင်ကျမ်းကို ပါပကမင်းလက်ထက် မတရားသောပုံဏား ဇော်ဂီ တပသီတို့ညီ၍ တိုင်းမှုပြည်ရေး စစ်ချီစစ်ထွက် အနှိပ်အကွပ် အဖျက်အဆီး အခြိမ်းအချောက် အရောက်အလာအမှုတို့ကို စီရင်ရာတွင် မဟာယတရာအာတပ္ပနကျမ်းသမုတ်၍ အဆက်ဆက် စစ်ချီစစ်တိုက်မင်းတို့ သုံးဆောင်သည်။ သားတော်မြေးတော်တို့ကို ချီသွားစေလျှင် အလုံးစုံမျိုးတို့ကို ပေးအပ်၍ ဆောင်ရသည်။ ကောင်းသော အကြောင်းတို့ကိုလည်း သည်အာတပ္ပနဗေဒင်ကျမ်းတွင် လာသလော၊ မကောင်းသက်သက်သာ လာသလော။ ရန်သူတို့၏အမှီကို ဖျက်ဆီးသောအရာ နဂိုမူ၍ ချီသောတပ်က စီရင်သောအချက်တို့ကို မသိသာ သိသာအောင် စာသွင်းတော်မူပါဆရာတော်။     ။
ဆောင်တော်မြဲဖြစ်သော ဦးကေတုကို စေတော်မူသည်။

မှာလိုက်သည်ကား ---
အာတဗ္ဗနဗေဒင်သည် မဟာယတရာကျမ်းကြီးဖြစ်သည်။ လူမိုက်တို့အား မသိစေအပ်။ ထိုလူမိုက် တို့အား ဤကျမ်းကို အကုံအလုံးစုံတတ်ချေလျှင် ရေမြေရှင်စည်းစိမ်ကိုပင် ပျက်စီးကြေမွအောင် တတ်နိုင် ချေသည်။ ရေမြေရှင်မေးတော်မူသည်အကြောင်းမှာ ကိုယ်တော်ပြင်အခြားတို့ကို မသိစေအပ်။ နှလုံးတော် စွဲ၍သာ စီရင်ခင်းစီရင်ဖွယ်တို့တွင် ရန်ဆူးရန်ညောင့်တို့ကို အဖျက်အဆီး အနှိပ်အကွပ် အချိုးအဖဲ့ စေတော်မူလျှင် ထုံးစံနည်းနာ စီရင်ရိုးတွက်ရိုးကို မပြမပေးအပ်ချေ။ ဝမ်းတွင်သစ္စာမြဲ၍ သတိဂတိနှင့် အကျိုးတော်ကို အလိုရှိလှသူတို့ကို စီရင်စေ၍ အပြီးကိုသာ အပ်တော်မူ၊ အာတဗ္ဗနဗေဒင်အဟောင်းတွင် အသက်ရှည်သောအရာကို တိုစေ၍ အကောင်ပုတ်ဖြစ်ခြင်း၊ စီးပွားတော်ကိုယုတ်စေခြင်း၊ ဆင် မြင်းနာစေခြင်း၊ သေစေခြင်း၊ အကြံအစည်ကောင်းတို့ကို မကောင်းဖြစ်စေခြင်း၊ မိုးကြိုးလောင်မီးပစ်စေ ကျစေခြင်း၊ ဘုရားပုထိုး ရောင်တော်ပြစေခြင်း၊ သစ်ကြီးလဲ၍ မြေကြီးပင်နိမ့်ရိုင်စေခြင်း၊ မြို့တခါး ပြကြီး ပြငယ်တို့မှစ၍ အဆောင်ကန္နား ဆောက်လုပ်အပ်သောသစ်သားနှင့်စပ်သမျှ အုတ်ရိုးနှင့်စပ်သမျှတို့ကို ကွဲစေခြင်း၊ ပြိုစေခြင်း၊ မြို့ရိုးရိုင်စေခြင်း၊ ပြိုစေခြင်း၊ စေတီပုထိုးမှစ၍ ထီး စိန်ပွင့် မှန်ကင်းတို့ကို လေမခပ်ဖဲသော်လည်းကောင်း၊ လေခတ်စေ၍သော် လည်းကောင်း၊ ကျွတ်စေခြင်း၊ ကျစေခြင်း၊ ခိုးသူမုဒိန်းပေါ်စေ၍ မြို့ရွာသို့ဝင်စေခြင်း၊ ကောင်းကင်၌ ကြယ်ချင်း ခြင်းစေခြင်း၊ လတွင်းသို့ ကြယ်ဝင်စေခြင်း၊ နေကြပ်စေခြင်း၊ လကြပ်စေခြင်း၊ အကြောင်းမရှိသည်တို့ကို ဖြစ်စေနိုင်သည်။

ကောင်းကင်၌ ကြယ်တခွန် လတခွန် နေတခွန်အခိုးတို့ကို ဖြစ်စေနိုင်သည်။ မကောင်းသောတိတ်၊ မကောင်းသောနိမိတ်တို့ကို ပေါ်ထွက်စေခြင်း၊ ရန်ဆူးရန်ငြောင့် အနှောင့်အရှက် ပေါ်ထွက်စေကြောင်းကို ဆောင်နိုင်သည်။ အရာများရှိသောကြောင့် ထင်ရှားအောင်လျှောက်စာမသွင်းသာ၊ သိတော်မူရအောင် ကိုမူကား ရှေ့ဆယ့်ကိုးရက်မှ ပါဠိအနက်အဓိပ္ပာယ်နှင့် ရေမြေရှင်သိသာရုံ ရဟန်းသင်္ဃာတို့နှင့်လျှော်သမျှကို သွင်းရတော့ မည်။ မဟာဓမ္မရာဇ်တရားမင်းမြတ်။ ။

(သက္ကရာဇ် ၁၀၅၀-ခု၊ ကျိုင်းတုံသို့သားတော် မင်းရဲရန္တသူကို ဗိုလ်မှူးခန့်၍ ချီမည်တွင် မေးတော်မူသော အရာကို မြိုင်တွင်ဝတောကျောင်း ဇမ္ဗူဒီပဓဇမဟာဓမ္မရာဇဂုရုဆရာတော် သွင်းသည်။ )