ရေမြေ့ရှင်လျှောက်သည်ဆရာတော် ---
နန်းမြို့တော်ကို အရှေ့၊ အနောက်၊ တောင်၊ မြောက်နှစ်တာစီတိုး၍ ချယ့်မည်အကြံတော်ရှိသည်။ စက်တော်ခေါ်ရာတွင် မြင်မက်တော်မူသည်။ တခုသောတောင်ကို အမြစ်ပေါ်အောင်တူးစေသည်။ အမြစ်မပြတ်နိုင် ခိုင်ခံ့မြဲမြံသည်။ ဤအရာများသည် ပြောင်းချီသော်လည်းကောင်း၊ ချယ့်သော်လည်းကောင်း၊ အကြောင်း ၂-ပါးသည် အယူတော်အသို့ရှိမည်နည်း။ ကျယ်သည်အရာကိုသာ မခြုန်းသင့်၊ ကျည်းသည်အရာကို ကျယ်အောင်ချယ့်ခြင်းသည် သင့်ပါမည်လော။ လောကဓမ္မမှုကို သိသာအောင် မိန့်တော်မူပါဆရာတော်။ ။
(သပြေလှစား၊ ကြာပန်းညိုစားတို့ကို စေတော်မူသည်။)Show/Hide
မှာလိုက်သည်ကား---
ဘိုးတော်ညောင်ရမ်းမင်းသည် ဌာဝရကိန်းနှင့်တည်ထားသောမြို့တော် နန်းမြို့တော်ဖြစ်သည်။ မြို့တော်ကို ချယ့်သော်လည်းကောင်း၊ နန်းမြို့တော်ကို ချယ့်သော်လည်းကောင်း ဌာဝရကိန်းခန်းမပျက်ချေပြီလော။ ဌာဝရကိန်းခန်းပျက်ချေက သန်လျက်ခုံတွင် လာလတံ့သောမင်းတို့လက်ထက် ဟိမ၀န္တာဖြစ်ချေတုံ၊ နန်းနေဖြစ်ချေတုံ၊ ရန်မျိုးအပေါင်းတို့သည် မပုံန်ခဲ့ပြီလော။ အိမ်မက်တော်ကပင် တောင်ခြေကိုတူးသည်။ အမြစ်မပြတ်နိုင်ရှိသောအရာကို မြင်မက်တော်မူရင်းကပင် ဌာဝရကိန်းမပျက်မပြတ်သောအရာသည် ကောင်းသောနိမိတ်ပင် ယူရမည်။ ဌာဝရကိန်းကိုစောင်ကုန်သောသမ္မာဒေ၀တို့သည် သုပိနကိုမြင်ချေသည်။ ရှေးထုံးစံကို စုံစမ်းသော် မဟာသမတမင်းအဆက်စေတီယမင်းသည် မဟာသမတမင်းတို့နေသော မြို့နန်းကို ချယ့်၍တည်သည်။ ခြုံး၍တည်သည်။
နန်းမြို့တော်ကို ခြုံး၍တည်သည်၊ ချယ့်၍တည်ပြန်သည်အရာများကိုလည်း ရှေးပညာရှိတို့မကြိုက် ဆိုကုန်သည်။ ဌာဝရကိန်းရမြို့ရာကလွဲ၍ မြို့နန်းမြို့များကို ဇင်္ဂမကိန်း၌ တည်ထောင်သည်ဖြစ်မူကား ဌာဝရကိန်းမဟုတ်သောကြောင့် တည်ပိုင်သည်၊ ဖျက်ပိုင်သည်။ ပုဂံမြို့၌ သက္ကရာဇ် ၃၂၂-ခု တပိုတွဲလပြည့်ကျော် ၁၂-ရက်နေ့ ကွမ်းထမ်းမင်းရာဇာလက်ထက် နန်းမြို့ကို အနောက်မြောက်၊ တောင်မြောက်က ကျည်းသည်ဟူ၍ချယ်၏။ အလောင်းစည်သူလက်ထက်လည်း မင်္ဂလာတံဆိပ်တံခါးကို ရွှေ၍ မြိုးရိုးချယ့်ပြီးလျှင် ထိုတံခါးနှင့်ဆီထည့်တံခါး စီရင်ချေ၏။ ထိုသို့စီရင်သောအရာ ဌာဝရကိန်း၊ ဇင်္ဂမကိန်းများနည်း စီရင်ပြန်သောအရာတို့ကို ပညာရှိတို့မကြိုက်ဆိုသည်များကိုလည်း ထိုဆရာများ ပြောဆိုသည့်စကားကို ကြားဖူး၏။ တည်ရင်းနန်းမြို့ခြေရင်းတွင် ကျုံးစီရင်၍ နန်းမြို့တည်ပြန်လျှင်လည်း သင့်ရာ၏။ နန်းမြို့တော်ကို ချယ့်တော်မူမည်ကြံတော်မမူသင့်ချေ။
တက်သစ်သောနေမင်းကဲ့သို့ဖြစ်သောမင်းဧကရာဇ်တို့၌ ဌာဝရကို ယာယီမဖြစ်စေသင့်။ ဌာဝရအရာကို ဌာဝရ၊ ယာယီအရာကို ယာယီစီရင်မှသင့်မည်။ မြို့တည်ရင်းကစီရင်သော မဟာယတရာကြီးများသည် ခမည်းတော် လက်ထက်လည်းကောင်း၊ ဘကြီးတော်လက်ထက်လည်းကောင်း အယိုအယွင်းမရှိလေ။ ရေမြေရှင်လက်ထက်မှာမှ အထူးမဖြစ်စေသင့်ထင်သည်။ နန်းမြို့တော်ဗဟိုစင် နာရီမောင်း တန်ဆောင်း ကျောင်းရာ သိမ်ရာ နန်းတော်ရာ လွှတ်ရာ ရှေ့ရုံး နောက်ရုံးများလည်း ဌာဝရဖြစ်သည်၊ ပျက်စေ၍မသင့်။ ဘိုးတော်မင်းတရားလက်ထက် ဘိုးတော်လည်း အဆင်အခြင် အစူးအစမ်း အထောက်အထား အယူအငင် ထိုးထွင်းလှသောမင်းမြတ်ဖြစ်သည်။ စီရင်သောဆရာလည်း ဘားမဲ့အကျော်အာစာရသူမြတ် မြတ်မုနိ သင်္ဃရာဇာတို့ကို ဇမ္ဗူဒီပါကျွန်းအပြင်ဝယ် မဟာယတရာနှင့်စပ်သည်ကို အတုမရှိဖြစ်သည်။ အဟောင်းကို မပြောင်းသင့်ပြီ။ ထပ်၍အသစ်စီရင်တော်မူလိုသော်ကား သင့်၏။ ဆရာတော်ယူသည်။ ဤဘဒ္ဒကပ် ကမ္ဘာထက် ကောက္ကသံဘုရားပွင့်တော်မူသော မဟာဗောဓိပင်ရွှေပလ္လင် သတ္တဌာနအရာ ကောဏဂုံဘုရား၊ ဂေါတမဘုရား၊ အရိမိတေယျဘုရား ၅-ဆူတိုင်အရာမပြောင်း အဟောင်းရာတွင်သာ ပွင့်တော်မူသည်များကို၊ ကျမ်းဂန်လာသည်များကိုထောက်၍ ဆင်ခြင်ကောင်းသောအကြောင်းတို့ကို ဆင်ခြင်သင့်သည် မဟာဓမ္မရာဇ်။ ။
(သက္ကရာဇ် ၁၀၁၇-ခု၊ နယုန်လ္ဆန်း ၇-ရက်နေ့၊ တောင်ဖီလာပုဂ္ဂိုလ်ကျော် ဆရာတော်ဘုရားက သွင်းသည်။)