ရေမြေ့ရှင်လျှောက်သည်ဆရာတော် --
သုံးလူအထွတ်မြတ်စွာဘုရားသည် တဖုဿ၊ ဘလ္လိက ကုန်သည်ညီနောင်တို့နောက်မှ ဘုရားသခင်ခြောက်ဝါမြောက်သော ဆံတော်ရှစ်ချောင်းကို ကုန်သည်တို့အား ဇာလိယတောင်တွင် အပ်တော်မူသည်။ ဆံတော်မြတ်ကို နတ်တို့နှင့်ညှိ၍ ဇေယပဗ္ဗတ-ဟူသော မောထောရှင်စောကို တည်၍ ဌာပနာသွင်းသည်။ နာဂပဗ္ဗတတွင် နှစ်ချောင်း၊ နိဂြောဓပဗ္ဗတတွင် နှစ်ချောင်း၊ ဂေဟပဗ္ဗတတွင် နှစ်ချောင်း၊ ကျဇောမည်သောအရပ်တွင် နှစ်ချောင်း၊ တောင်ကြီးတွင် နှစ်ချောင်း၊ တလိုင်လိုမလွန်တွင် နှစ်ချောင်း၊ အသိတတွင် နှစ်ချောင်း ဌာပနာ၍ စေတီတည်သောအခါ သိကြားနတ်မင်း ရသေ့တို့နှင့်တည်သည်။ သီဟပဗ္ဗတတွင် စေတီကား တောင်ထိပ်မြေကို မကျပဲကောင်းကင်၌ တည်သည်အရာများကို ရှေးသူတော်ကောင်းတို့ မှတ်သားထားသောစာများကို သွင်းကြ၍ သိတော်မူသည်။ ထိုရှစ်ဆူသောစေတီတွင် ကောင်းကင်၌ မည်သို့တည်၍ တောင်ထိပ်သို့ မကျရှိလေသနည်း။ သည်အရာတို့ကို သိသာအောင် မိန့်တော်မူပါဆရာတော်။Show/Hide
မှာလိုက်သည်ကား--
(၇)ဆူသောစေတီတော်များကို ရေမြေ့ရှင် သိတော်မူသာပြီ။ သီဟပဗ္ဗတတောင်သည်ကား မုတ္တမမြို့နှင့်အနီး ခြင်္သေ့ရုပ်နှင့် တူသော တောင်ဆို၏။ ထိုတွင် ရှင်ရသေ့တစ်ဦးသည် သိကြားမင်းအား တောင်ပန်၍ သိကြားမင်းတန်ခိုး၊ ဘုရားသခင် ဉာဏ်တော်ခြောက်ပါးကြောင့် အလိုတော်ရှိရာတွင် ကိန်းဝပ်တော်မူသည်။ ဟောတော်မူသော တရားတော်၌ အလိုတော်ရှိလျှင် မြင့်မိုရ်တောင်သို့ နှစ်လှမ်းဖြင့် ရောက်တော်မူသည်။ အလိုတော်ရှိလျှင် နေမင်း၊ လမင်းတို့ကို ခြေတော်၊ လက်တော်နှင့် သုံးသပ်တော်မူသည်။ အလိုတော်ရှိလျှင် မုံညင်းသီးခွံတွင်းမှာ ပရိက္ခရာစုံနှင့် စင်းကြန် ကြွတော်မူသည်။ မုံညင်းသီးကို ကြီးအောင်လည်း ဖန်ဆင်းတော်မမူ၊ ကိုယ်တော်ကို ငယ်အောင်လည်း ဖန်ဆင်းတော်မမူ၊ ကျမ်းဂန်လာသည်။
လောကဥပမာသော်ကား-- ရေမြေ့ရှင်ကြည့်တော်မူသော စိန်ပြောင်းရင်းသို့ ဝေးလှစွာသော စေတီ၊ပုထိုး၊ သစ်ပင်တို့သည် နီးလှာ၍ အကုန်အစင်ဖြစ်သော ဥပမာကဲ့သို့ နှလုံးတော်သွင်းရမည်။ သဗ္ဗညုမြတ်စွာဘုရား တန်ခိုးတော်ကို သည်မျှသည်ရွေ့ အဆုံးအစမရှိ၊ တကြောင်းလည်း လောက၀ယ် အနော်မာမြစ်နား သမုပလ္လင်ထက် ဆံတော်ဖြတ်သောခါ ၀တ်တော်မူသော ၀တ်လဲတော်ပုဆိုးသည် ဗြဟ္မာ့ပြည်၌ တည်လေသည်။ (၁၆)ရပ် (၁၆)ဘုံ ဗြဟ္မာ့နှစ်ဆယ်၊ ဘုံနှစ်ဆယ်တို့သည် ကောင်းကင်ဝယ် တည်သောအရာကို ယုံရချေသည်။ ကမ္ဘာ့တန်ဆာဖြစ်သည်။ သီဟပဗ္ဗတတောင်ထိပ်၌ တည်သော ကျိုက်ထီးရိုးစေတီတော်၌ ဌာပနာသော ကေသာတော်မြတ်သည် တန်ခိုးအနန္တဖြစ်၍ ကောင်းကင်ဝယ် တည်နိုင်လေသည်ကို အမြဲမှတ်တော်မူသင့်သည် မဟာဓမ္မရာဇ်။ ။
(သက္ကရာဇ် ၁၀၀၁-ခု၊ ၀ါခေါင်းလဆန်း ၅-ရက်နေ့သွင်းသည့်မေတ္တာစာ)

0 comments:
Post a Comment