ရေမြေ့ရှင်လျှောက်သည်ဆရာတော် --
ဇမ္ဗူဒီပါကျွန်းစသော ကျွန်းငယ်ငါးရာတို့၌ သုံးလူအထွတ် ဘုရားရှင်မွေတော်ဓာတ်တော် ရောက်ရာအရပ်တို့၌ စေတီတည်ခြင်း၊ ကူတည်ခြင်း၊ ရေတွင်းတူးခြင်း၊ ရေကန်ပြုခြင်း၊ ကျောင်း သိမ် စရပ် တန်တားဆောက်ခြင်း၊ ပလ္လင်ပြုခြင်း၊ ပြဿဒ်တဆောင်ဆောက်ခြင်း၊ ရေစင်သွန်း၍ မဟာပထ၀ီသို့ရေစက်ချ၍ ပြုစုလှူဒါန်းသမျှ ဌာနတို့သည်ကား မြတ်သောမဟာဘူမိက ၀င်ချေသည်။ ထိုမြေ၊ ထိုအဆောက်အဦး၊ ထိုတောင်တို့သည် အမြတ်ယူရမည်။ ထိုပြည် ထိုမြို့ကို အစိုးရသောမင်းတို့လက်ထက် တောအုံချုံပိတ်ပေါင်း ထူထပ်၍ အတည်အထား အပြုအစု အစေ့အနှံ့မဖြစ်နိုင်၍ ကျန်ကြွင်းသော တောကြီးမျက်ရှည်လည်း ရှိသည်။ ထိုထိုသော တောကြီးမျက်ရှည် တောင်ထိပ်တို့တွင် အဆက်ဆက်စိုးအုပ်သော မင်းဧကရာဇ်တို့သော်လည်းကောင်း၊ မင်းသား၊ မင်းမြေး၊ သူဋ္ဌေးသူကြွယ်၊ မြို့နေပြည်သားတို့သည်လည်းကောင်း၊ အတည်အထား အပြုအစုမရှိ တောသက်သက်ဖြစ်သည်။ Show/Hide
ရေရှိသည်အရာများကို ဆရာတော်အယူ အသို့ရှိတော်မူသည်။ တဆူသော် စေတီကိုရည်၍တည်သော ဇင်္ဃထွင်းသို့သွင်း၍ တဆူသောစေတီ တည်ချေအံ့။ ထိုစေတီကိုရည်မှတ်၍ လှူသောအရာဖြစ်သည်ကို တဆူဥပစာအတွင်းမှာ တဆူဝင်၍ တည်ခြင်းသည် သင့်၊ မသင့်၊ လျော်၊ မလျော်၊ တော်၊ မတော်ရှိရာချေသည်။ တသင်္ဃိကမြေထက် တသင်္ဃိကပြုချေအံ့။ အရံရှင်ကို တိုင်ကြား၍ ခွင့်ရမှ ပြုအပ်တည်အပ်သည်များကို ၀ိနည်းကျမ်းဂန်တွင် အခွဲအစိတ်အဖျာ ရှိရာကောင်းသည်။ သည်အရာများကို ရေမြေ့ရှင်မနှစ်သက်ပါ။ မိုင်သည် ဥပစာတွင်း၌သာ ပြုအပ်၊ တည်အပ်၊ ဆောက်အပ်မည်။ ကုသိုလ်ကောင်းမှု ပြုလိုသောသူတို့သည် ထိုစေတီစသော အရာဌာနကို အလိုရှိ၍၊ ထိုစေတီကို ပြောင်း၍ တည်ကြသည်အရာများသည် မသင့်ယူပေသည်။ ဓူပါရုံဒါယကာ ခမည်းတော် ညောင်ရမ်းမင်းတရားတို့လက်ထက် မှူးဆိုးမတ်ဆိုး နပဏ္ဍိတတို့စကားကို ယူမှား၍ ပြောင်းချီမိသောကြောင့် အကျိုးတော် မဖွမ့်ချေသည်များကို ထောက်၍ ကျက်လေ့မှတ်သားပါချင်သောကြောင့် လျှောက်ပလာစေသည်ဆရာတော်။ ထန်းရင်းစား၊ ကြံဥယည်စားတို့ကို စေတော်မူသည်။
မှာလိုက်သည်ကား --
မေးတော်မူသည်၊ သင့်လှပေသည်။ ဇမ္ဗူဒီပါကျွန်းစသော ငါးရာသောကျွန်းတို့၌တည်ကုန်သော စေတီ၊ ပုထိုး၊ ကျောင်း၊ သိမ်၊ စဆွံ၊ စရပ်၊ တန်တား၊ တံခွန်၊ ဥမင်၊ ရေတွင်း၊ ရေကန် မဟာကုသလ ပကတူပနှင့်စပ်သမျှတို့ကို တည်ထားခြင်းသည် ဖူးမြော်ပူဇော်တိုင်း အကျိုးစီးပွားများသည်သာ ဖြစ်၍ ကောင်းစွာဖြစ်သည်။ ထိုဌာနသည်ကား တို့ဘုရားလောင်းသည် လေးသင်္ချေသော ကာလပတ်လုံး ပါရမီတော်ကို ဖြည့်တော်မူသောခါ ကျင်လည်တော်မူဘူးသော အရပ်ပင်ယူတော်မူသင့်၏။ ``ပူရေ ဇာတိ သမာဂတာ၊ အနန္တ ဘဝေ ဇာတံ၊ ပကတူပနိဿယာနဉ္စ၊ ဗောဓိသမ္ဘာရေ ပူရတိ´´ လာသောအရာတို့ကို ထောက်၍ သိတော်မူအပ်၏။ ထိုဘုရားလောင်းသည် အရိုးမရကောင်းသော သတ္တ၀ါဖြစ်တော်မူသမျှအရာတို့သည် မဆိတ် မတိတ်နိုင်၊ ထီးနန်းကနက် ဆောက်စိုက်ရာမှစ၍ ထင်ရှားသောအကြောင်းတို့သည် ဖြစ်မြဲဓမ္မတာသည်၊ ဤကမ္ဘာကြေသော်လည်း ဥဒါန်းမကြေဖြစ်ရာသည်။
ဟိမ၀န္တာတောဖြစ်သည်ကား လူနေ ၃၀၀၀၊ ရေနေ ၄၀၀၀၊ တောနေ ၃၀၀၀။ သည်ကမ္ဘာဖြစ်တိုင်း မကင်းလွတ်သော ကမ္ဘာ့တန်ဆာဖြစ်သည်။ ထိုဟိမ၀န္တာတောတွင်လည်း စေတီ ပုထိုးအများပင်ရှိသည်။ မသိ၍သာ မရှိထင်ရသည်။
ဤဇမ္ဗူဒီပါစသော ကျွန်းငယ်ငါးရာတို့ကို မဆိုနိုင်ဦး၊ အပါယ်လေးပါးဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာ့ဘုံများသည် ရှေးတည်ဘူးသောအရပ်ဝယ်သာ ဖြစ်သည်။ ကမ္ဘာဖြစ်သည်လည်း အရာမချား ရှေးဖြစ်သော အရာတည်သောဌာန၀ယ်သာ ထပ်၍ဖြစ်သည်။ တည်သောမေးတော်မူသောအချက်ကား (၄၃၈)ကြိမ်သော ဇာတ်တော်များတွင်ပင် ပွားသမျှ ထီးနန်းပြည်သည် အနန္တဖြစ်သည်ကို သိတော်မူအပ်၏။ စေတီတဆူဇင်္ဃအတွင်းဝယ် စေတီတော်ဒါယကာမဟုတ်ဖဲ အချားက၀င်၍ မတည်သင့်။ မိမိတည်သောဥပစာမှ ထိုစေတီဒါယကာပိုင်လေသည်။ ဥပစာမပိုင်သမျှကိုလည်း မတည်မထားသင့်။ တသင်္ဃိကနှင့် တသင်္ဃိင်္ိက ချားနားရမည်ကို မချားစေရ၊ တသင်္ဃိက ကပ်ပြန်သည် အရာသည် တည်ထားပြုစုသူဖြစ်ခဲလှသည်။ သိမ်သမုတ်သောအရာဝယ် သစ်ပင်ရောက်၍ မြစ်မ၊ မြစ်သေးရှိရာသို့ ပြင်နိမိတ်တိုင်ပြင်က သစ်ပင်၏အမြစ် ကူးသန်းစပ်ရှက်၍ တည်သောကိုမှ ထိုသစ်နှစ်ပင်တို့ မြစ်မမြစ်သေးကို တူးဆွဖျက်ယူ၍ သန်ရှင်(သန့်ရှင်း?)မှ သိမ်ထပ်၍သမုတ်မှ သင်္ဃာကောင်းတို့အား ရကုန်သည်များကို ဆရာကြီးတို့ မိန့်တော်မူကုန်သည်။ ကျောင်းမှာကား တိုက်အုပ်အရာကို ပန်ကြားလျှင် ခွင့်ပြုသောစကားကိုရလျှင် တိုက်သို့ဝင်၍ ဆောက်အပ်၏။ စေတီပုထိုးသည် စကားမပြော၍ တသင်္ဃိကအကူးအသန်း အစပ်အရှက် အတည်အထားကို ရှေးဆရာကျော်တို့ နှစ်သက်တော်မမူကုန်။
လောကူပမာစကားကိုကောက်သော် စေတီကြီးဇင်္ဃအတွင်းမှာ စေတီငယ်တည်အံ့။ ဘုရားသားမွေးသည် ဆိုတုံကြသည်။
စေတီတဆူတည်သောအရာကို စေတီနှစ်ဆူသော်လည်းကောင်း၊ လေးဆူသော်လည်းကောင်း၊ တဆူသော်လည်းကောင်း ပွား၍တည်ချေအံ့။ အထက်တည်ရင်း စေတီဒါယကာတို့တည်သောခါ မတည်နိုင်သည်လည်းမဟုတ်၊ ထိုစေတီတွင်ပွား၍ တည်သမျှတို့ကို တိုင်းမှုပြည်ရေးခက်သည်ဟူ၍ ဆရာကြီးတို့ မိန့်တော်မူကုန်သည်များကို ဆရာတော်ငယ်ရွယ်စည်ကပင် ကြားဘူးသည်။ ဆရာတော်အယူ၌လည်း မနှစ်သက်၊ ယခုအမေးတော်ရှိ၍ ပြန်ရသည်သာ ဖြစ်သည်။ ရှေးတည်ထားလေပြီးသောအရာတွင် စေတီ၊ ကျောင်း၊ သိမ်၊ စဆွံ၊ စရပ်၊ ရေတွင်း၊ ရေကန်တည်လိုသည်ဟူ၍ ပြောင်းချီသမျှလည်း တနေရာတည်း မရှိသမျှသည် မသင့်ယူတော်မူသင့်၏။
နဂိုကိုယာယီ၊ ယာယီကိုနကိုပြုသောကြောင့် တိုင်းရေးပြည်မှုခက်လေသည်။ ကုသိုလ်ကို အလိုရှိ၍ တည်ထားဆောက်လုပ်သမျှ ဘုရားရာတွင် ဘုရား၊ ကျောင်းရာတွင် ကျောင်း၊ သိမ်ရာတွင် သိမ်တည်စေသော်မူသော်ကား တည်ထားဆောက်လုပ်သင့်၏။ ကျောင်းရာတွင် သိမ်စေတီတည်သင့်၏။ ဘုရားရာတွင် ကျောင်းသိမ်မတည်သင့်။ စေတီတဆူပျက်၍ မြေပြင်ဖြစ်လေအံ့။ အသစ်တဆူ ထိုအရာတွင် တည်သင့်၏။ စေတီရာ၊ သိမ်ရာ၊ ကျောင်းရာ၊ တဆောင်းရာတို့၌ လူတို့အိမ်ဆောက်၍ မနေအပ်ချေ။ အကယ်၍ နေမိအံ့။ စည်းစိမ်မရှည် အသက်သော်လည်းတို ဥပါဒ်ရောဂါမှာ မဆိုသာပြီ။ (?)ကမှုတို့၌ပင် အကုသိုလ်ဖက်၍ ညံ့ရာသည်များကို အမြဲသိအပ်၏။ ကျောင်း၊ သိမ်၊ စရပ်၊ စဆွံ့၊ ပြဿဒ်၊ တဆောင်ဆောက်မည်အရာ၌ ကျောင်းလာသော် အိမ်ဖျက်၊ စေတီတည်မည်မှာ ဌာဝရ(?)ကြီးများဖြစ်၍ မြင်တိုင်ငယ်ဖြင့်စိုက်၍ သက်ငယ်မိုးသော ယာယီကျောင်းတို့ကို ရှာစေ၍ တည်ထားသင့်၏။ ထိုကျောင်းနေပုဂ္ဂိုလ် ပဉ္ဇင်းသာမဏေတို့အား ထိုကျောင်းကိုသော်လည်းကောင်း၊ ကျောင်းအသစ်ကိုသော်လည်းကောင်း လျောက်ပတ်ရာတို့၌ ဆောက်၍လှူအပ်၏။ ``သင်္ဃိကေန ကာရေတဗ္ဗံ၊ မာနုဿံ န၀ိနဿတိ၊ အပါယိကေဟိ အဟောသိ၊ အ၀ီစိယာ နံ ပကတိ´´ ကျမ်းဂန်လာသည်များကို ထောက်၍ သိတော်မူအပ်၏။
တကျောင်းသည် ပျက်စီး၍မြေပြင်ဖြစ်၏။ ထိုကျောင်းကသင်္ဃိကဘဏ္ဍာတို့ကို တကျောင်းမှာဝင်စေအပ်၏။ ထိုသို့မဟုတ် ထိုပျက်သောကျောင်းသည် ပျက်စီး၏။ အုတ်တံတိုင်း အစုံအကုံမပျက်သေး တည်လျက်ရှိအံ့။ ထိုတကျောင်း၏ သင်္ဃိကသည် တကျောင်းသို့ ကူးသန်းရာသည်ကား ထိုမပျက်သောကျောင်းနေတို့၊ အဆက်တို့ကျောင်းက သိက္ခာယူသောဆရာတို့အဆက်ကို ရည်၍ဆောက်သော ကျောင်းသော်လည်းဖြစ်အံ့။ ထိုသင်္ဃတို့ကို ထောက်သည်မည်သောကြောင့် ထိုကျောင်းကသင်္ဃိကပစ္စည်းကို အသစ်ပြုသောကျောင်း၌ ၀င်စေသင့်၏။ ထိုသို့မဟုတ် ဂိုဏ်းအုပ်ဆရာလည်းမဆက် အချားပြင်ပြင် မစပ်သမျှတို့ ပြုစုလို၍ အစိုးရသောမင်းတို့ ဆောက်လုပ်သမျှသည် အစိုးရပိုင်လေသောကျောင်းဟူ၍ တကျောင်းဥစ္စာကို တကျောင်းသို့သွင်း၍ ကောင်းမှုပြုသမျှတို့မှာ တဆက်မရှိလျှင် တဆက်စိုးအုပ်စည်ပိုင်သောအရာများမှာ ပိုင်စည်တည်ထားပြုစုရာသွင်း၍ လုပ်သင့် တည်သင့်ကောင်းတော့သည်။ အပ်၏၊ မအပ်ဆိုရာမှာ သုံးတန်သင်္ဂါယနာဝင်ကျမ်းများမှာ စေ့စပ်အောင်ကြည့်ရှု၍ ကြားမှာရတော့မည် မဟာဓမ္မရာဇ် ။ ။
စိရံ တိဋ္ဌတု။
(စာကြွင်း= စာချစ်သူများအား ရိုးသားစွာဝန်ခံအပ်ပါသည်။ ဤစာစုများကို ပြင်ဆင်ဖြည့်စွက်ခြင်းမရှိဘဲ မူရင်းအတိုင်းတင်ပြထားပါသည်။ မိမိသည် သမိုင်းကို တင်ပြခြင်းသာဖြစ်၍ သမိုင်းအခြေခံခြင်းမဟုတ်ပါ သောကြောင့် မူရင်းစာသားများကို ပြင်ဆင်ဖြည့်စွက်ခြင်းမပြုခဲ့ပါ။ ပြင်ဆင်ဖြည့်စွက်ခြင်းပြုခဲ့သော် မူလ စာရေးဆရာကို မလေးစားရာရောက်နိုင်ပါသည်။ မည်သည့်နယ်ပယ်မှာမဆို ယဉ်ကျေးမှုသည် ပြောင်းလဲနေမြဲ ဖြစ်ပါသည်။ ဒီနေ့စာပေယဉ်ကျေးမှုနှင့် ရှေးမြန်မာမင်းများလက်ထက် စာပေယဉ်ကျေးမှု သည် မတူနိုင်ပါ။ ထို့ကြောင့် စာဖတ်သူများ ဤသွင်းစာမျာကို ဖတ်ရှုရာ၌ အခက်အခဲ တစ်စုံတရာ ရှိနိုင်ပါသည်။ မိမိတို့ကိုယ်ပိုင်ဉာဏ်ဖြင့် ဖြည့်စွက်ဖတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

0 comments:
Post a Comment