ညောင်ရမ်းမင်းသည် အေဒီ ၁၅၉၇-ခုတွင် တောဖြစ်နေသော အင်းဝကို အ၀ဟုသမုတ်ပြီး မြို့တော်အဖြစ် သတ်မှတ်သည်။ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုး၊ သောတာပန်နတ်၊ သကဒါဂန်၊ အနာဂန်၊ သာသနာတော်စောင့် မြို့စောင့်နတ်တို့ကို ပသပူဇော်ရန် ၀န်ကြီးများနှင့် ပုဏ္ဏားများကို ကြိုတင်စေလွှတ်သည်။ ၁၂၄-ကွက်သောကြေးနီပြား အင်းများကို ကွက်သေအင်းချ၍ အင်းဦးမြို့တော်ဘက်သို့ လှည့်လျက် မြှုပ်သည်။ ညောင်ပင်တစ်ရာကို နှစ်တာခြားစီ စိုက်သည်။ ညောင်ပင်စိုက်စဉ်တွင် ပညာရှိတို့က မဟာကာလကာကြီးမန္တာန်တော်၊ မဟာမာရမိုနကြီးမန္တာန်တော် မန်း၍ နတ်ပွဲအစုံ တည်ထား ကျင်းပ၏။ မြို့၏အရှေ့နှင့် အနောက်ထိပ်တို့တွင် ညောင်ပင်နှစ်ပင်ကို စိုက်သည်။ ထိုညောင်ပင်နှစ်ပင်ကို မန္တာန်မန်းမှုတ်၍ ဆေးဝါးဖျန်းပက်သည်။ အင်းထောင်ပြည့်စီ ချသည်။ အစောင့်နတ်သမီး နတ်သားတန်ဆောင်းတွင် သူတစ်ကောင် တင်သည်။ တန်းဟူသမျှနှင့် အရပ်အကွက်တို့တွင် အင်း၊ ယတရာ၊ ရန်နှိမ်မာန်နှိမ်၊ ရန်ပြို၊ မာန်ပြို၊ နှံထားစီရင်သည်။ မြို့တော်ပတ်လည်တွင် ကြေးသွန်းသံလျှက်ကိုင်ထားသော အိန္ဒနတ်ရုပ် ၁၀၀၀-ကို မြို့စောင့်အဖြစ် ချထားသည်။ ကြေးနီပြား အင်းများထည့်ထားသော ကျောက်သေတ္တာ ကျောက်အိုးနှင့် ရွှေပြား ငွေပြားအင်းများ မြို့တော်ပတ်လည်တွင် မြှုပ်နှံသည်။ ထိုအစီအရင်အားလုံးကို ညောင်ရမ်းမင်း၏ လျှောက်ထားချက်အရ၊ ဘားမဲ့ဆရာတော်က လုပ်ဆောင်ပေးသည်။ ညောင်ရမ်းမင်းက မြို့တည်အစီအရင်များ လုပ်ပေးရန်အတွက် ဘားမဲ့ဆရာတော်ကို လျှောက်သည်မှာ---
Show/Hide
“အရပ်ရပ်မှလာသသူ လာလတံ္တ့သော ရန်သူ ရန်ဘက်တိုဝ် နှောက်ယှက်သော်လည်းကောင်း နီးနီးစပ်စပ်ရောက်သော်လည်းကောင်း မရောက်မလာဝမ့်စေကြောင်…..ရေမြေရှင်သာသနာတော် တိုးတက်၍ ပြည်ထဲ ၄ မျက်နှာသာယာ စည်ပင်သည်ဖြစ်၍ သားတော်အစည် မြေးတော်အဆက် မြစ်တော်အညွံ အနွယ်တော်တိုင်တည်ထား စိုးအုပ်လျှင် အတိုင်းထက်အလွန်ဖြစ်၍ မည်အကြောင်းကိုဝ် ရည်၍ စီရင်တော်မူပါ လျှောက်ရမည်။ ကျောင်းတော်သိုဝ် စာရေးကြီးမြို့ဝ်၀န် ခန့်ထား၍ လျှောက်စေ။ ၀န်တို့စီရင် “
ဟူ၍ ဖြစ်သည်။
မြို့တော်တံခါးရှစ်ရပ်တွင်လည်း ဘားမဲ့ဆရာတော်က အနောက်မျက်နှာတံခါးတို့တွင် ခြင်္သေ့နှင့် ဆင်ဟိုင်းထွက်ဟန်၊ ဆင်နှင့်ဂဠုန်ဝင်ဟန်၊ အရှေ့မျက်နှာတွင် ဂဠုန်နှင့်နဂါးထွက်ဟန်၊ ကျားနှင့်ခြင်္သေ့ဝင်ဟန်၊ မြောက်မျက်နှာတံခါးတွင် မြွေနှင့်ကျားထွက်ဟန်၊ အောင်းဝင်ဟန်၊ တောင်မျက်နှာတံခါးတွင် ကြောင်နှင့်ကြွက်ထွက်ဟန်၊ မြေခွေးနှင့်နဂါးဝင်ဟန်တို့ကို ယတြာအရ ပြုလုပ်စေသည်။ တံခါးများ၏အထက် မျက်နှာကြက်ကို ဆေးရောင်စုံများဖြင့် ၅၅၀-မှ ပုံဝတ္ထုများအပြင် သုဝဏ္ဏဘုမ္မိအင်း၊ အနုဌာရကာအင်း၊ ရှင်ဥပဂုတ်ပရိတ်အင်း၊ အောင်းနမောနရာနိအင်း၊ အဌာနနိအင်း၊ ဥဒ္ဓယာဝအင်း၊ သရဏဂုံအင်းကျယ်စသော အင်းမျိုးစုံကို ရေးသည်။ တံခါးရွက်များ၌လည်း မျက်နှာကြက်များနည်းတူ အင်းမျိုးစုံရေးသည်။
ညောင်ရမ်းမင်းသည် နန်းတော်ဆောက်ရာ၌ နန်းတော်တိုင်ထိပ်တွင် ရွှေပြားငွေပြား အင်းစီရင်သည်။ နန်းတော်နံရံကို နရပတေ့မံ၍ နွားနောက်ရုပ်၊ ကျားရုပ်၊ ဗျိုင်းရုပ်၊ ကျွဲရုပ်၊ ဗိဿနိုးရုပ်၊ ဘုမ္မစိုးရုပ်နှင့် ပရောဟိတ်လေးယောက်တို့၏ အရုပ်ကို ဆေးစုံရေး၍ထားသည်။ ကြီးကြပ်စီရင်သူများမှာ အာစရသူမြတ်နှင့် မြတ်မုနိသင်္ဃာရာဇာတို့ ဖြစ်ကြသည်။ ညောင်ရမ်းမင်းလက်ထက်နတ်နှင့် ပတ်သက်၍---
‘ရွှေဝမြိုဝ်ကြီးတွင် အောင်စွာနတ် တန်ဆောင်ပတ်လည် တောင်မြောက် အနောက်တာကိုဝ် နတ်စာခံမြေရှေချရင်ရှိသည်အတိုင်းတည်စေ။ ညောင်ရမ်းအောင်မြေကပါသည် ၅ စီးရှင်နတ်မှာလည်း ကန်ဆောင်ဆောက်စေ။ ပတ်လည်တာဝန် ၆၆ တာ နတ်စာခံမြေ ငါသနားတော်မူသည်။ နတ်ထိန်ငြိမ်ချမ်ကိုခံ။ အောင်စွာမှာ အထိန်မိသာကို ခန်ရှေတစောင် အစောင့်အရှောက်မှာ ရွှေပြည်စိုစ်က တဆောင် ၂ ရပ်ကို လူစီခန်ထာ စောင်နေစေ”
ဟု အေဒီ ၁၅၉၈-ခုထုတ် အမိန့်တော်တစ်ခု၌ တွေ့ရ၏။ အောင်စွာနတ်မှာ အ၀မြို့တွင် ရှေးကရှိရင်း နတ်ဟုဆိုသဖြင့် ပထမအင်းဝခေတ်က ယုံကြည်ပသခဲ့သောနတ်ဟု ယူဆရာ၏။ ဤတွင် ညောင်ရမ်းမင်းက ၎င်းမင်းသားဘ၀က စားရသောညောင်ရမ်းမြို့၏ မြို့စောင့်နတ်ဖြစ်သည့် ငါးစီးရှင်နတ်ကိုလည်း အ၀သို့ ဆောင်ယူလာပြီး ရွှေမြို့တော်နတ်အဖြစ် ချီးမြှင့်သည်ကိုလည်း တွေ့ရသည်။ ညောင်ရမ်းမြို့ငယ်ကို စားရသောမင်းသားတစ်ပါး မင်းဖြစ်သောအခါ ညောင်ရမ်းမြို့စောင့် နတ်လည်း မင်းနေပြည်တော်အ၀၏ မြို့စောင့်နတ်ဖြစ်လာသည်။ အ၀မြို့ပြင်ရှိ နတ်များနှင့် ပတ်သက်ပြီး---
“မြိုဝ်ပြင်ရှိ နတ်မင်းမိဘုရားစကိုဝ်သောတာပန်။ ဇေတဘီလူးဂုမ္ဘာန် သကြား စတုလောကပါလစသော နတ်ကြီး ၆ ရပ်မှာ စကိုဝ်မြိုဝ်သူကြီးက ကျွေးမွေးစေ။ အတင်တော်တင်စေ။ တန်တာခိုပန်ရမှစ၍ အရပ်ရပ်မြို့ရွာရှိသော သာသနာတော်စောင့် မြိုဝ်စောင့်တိုဝ်ကို စချီစမြင် ကလန့်သံပျင်တိုဝ်က ကျွေးမွေးစေ။ တနှစ်လျှင် ၂ ကျိန်သဘင်ခံစေ။ သဘင်တော်တွင် စည်ပက်မပက် ဆိုင်းနှဲလင်ခွင် အစည်တီးရိုဝ် အတိုင်းတီးမှုတ်စေ”
ဟု အုပ်ချုပ်ရေး အကြီးအမှူးများသို့ မင်းကမှာကြောင်း မင်းသုံးပါးအမိန့်တော်တွင် ဖတ်ရသည်။ ပုဂံခေတ်မှ နတ်များဖြစ်သော စည်သူမင်းကြီး၊ ရွှေဖျင်းညီနောင်မင်းရဲကျော်၊ မင်းရဲထွေးတို့အတွက် စည်သူတိုက်ကို အသုံးကံကျွေးအဖြစ် ညောင်ရမ်းမင်းက သတ်မှတ်ပေး၏။ ညောင်ရမ်းမင်းက သတ်မှတ်ပေး၏။ စည်သူတိုက်မှရသမျှ တရားကွမ်းဖိုး အကောက်အစားတို့ကို နတ်များအတွက်သာ သုံးစေသည်။
ညောင်ရမ်းမင်းသည် သားတော်ကြီး တပယင်းမင်းကို သတိုးမဟာဓမ္မရာဇာဘွဲ့နှင့် အိမ်ရှေ့ ပေးသည်။ အိမ်ရှေ့အိမ်တော်မသိမ်းမီ အကြိုတစ်ရက်တွင် မိမိအိမ်ရှေ့အိမ်တော်၌ နတ်အပေါင်းတို့ကို ပူဇော်ပသ၏။ နတ်သဘင်ခံ၏။ ပုဏ္ဏားတို့ကို ဒက္ခိဏသာခါရုပ် ထုလုပ်စေပြီး အိမ်ရှေ့အိမ်တော်၌ ထားစေသည်။
ညောင်ရမ်းမင်း၏သမီးတော် သီရိမုတ္တပန်ထွာမင်းသမီး၏ ဆံထုံးထုံး၊ နားထွင်း ထမင်းခွန့်မင်္ဂလာအတွက် နောက်ရုံးတော်အတွင်း၌ ဆောက်လုပ်သော အဆောင်တော်တွင် အင်းတော်မြေ၊ တောင်သမန်မြေ၊ မြေနီသာကုန်းမြေ၊ တဲတော်ရာမြေမှစ၍ တရာ့ရှစ်မျိုးသောမြေတို့ကို ခင်းသည်။ မန္တာန်ခုနှစ်ရက် မန်းမှုတ်သည်။ ထိုအစီအစဉ်များကို တာဝန်ယူရသူမှာ ပုဏ္ဏားရာဇနိန္ဒဓိပတိ ဖြစ်သည်။ အခါတော်ပေးရန်အတွက် ပုဏ္ဏားမဟာဓိပတိနှင့် သီရိအဓိပတိတို့က တွက်ချက်ကြရသည်။
စစ်မှုမက်မှုကြုံလျှင် လောကီအစီအရင်များသည် ထိုခေတ်က မရှိမဖြစ်သော လိုအပ်ချက်များ ဖြစ်၏။ အနောက်ဘက်လွန်မင်း တောင်ငူမြို့ကို ၀န်းရံလုပ်ကြံရာ စစ်သည်သူရဲထူထပ်၍ မြို့စီးပြစီး ခိုင်ခံ့သဖြင့် အောင်မြင်ခြင်းမရှိလျှင် အ၀ရှိ ဘားမဲ့ဆရာတော်ထံ လူလွှတ်၍ လျှောက်ထားသည်မှာ---
“ရေမြေရှင်လျှောက်သည်ဆရာတော် ကေတုမတီမြိုဝ်ကိုဝ် တကာတော်လုပ်ကြံ၍ ရုပ်ရုပ်ရက်ရက် အောင်တော်မမူကာလနှောင်သည်။ အကြောင်းရှိသည်ကိုဝ် အမိန့်တော်ကိုဝ် ဥိထိပ်ရွက်ချင်၍ ရေလျံစာလယ်လှစာကိုဝ်ကိုဝ် ၁၅ ရက်နှင့် ကေတုမတီမြိုဝ်သိုဝ် အရောက် အာဏာထား၍ စေလိုက်သည်။ အကြောင်းကို လျှောက်ပါဆရာတော်”
ဟူ၍ ဖြစ်ကြောင်း မင်းသုံးပါးအမိန့်တော်တွင် တွေ့ရသည်။ ထိုမင်းပင် သန်လျင်ကို လုပ်ကြံရာတွင်လည်း---
“ရေမြေရှင်လျှောက်သည်ဆရာတော် တရိယင်္ဂတိဟူသောသံလျှင်မြိုဝ် တကာတော် လုပ်ကြံသည်။ရက်ရက်အောင်တော်မမူ အကြောင်းရှိသည်ကို သိတော်မူလို၍ အပြန်အသွားတလနှင့် ရောက်စေအာဏာထား၍ စေလိုက်သည်။ သိတော်မူသာအောင် မိန့်ပါဆရာတော်”
ဟုအမတ်များကို စေလွှတ်၍ လျှောက်ပြန်သည်။ ဘားမဲ့ဆရာတော်ကို အမတ်တို့လျှောက်ထားလျှင် ဆရာတော်က တစုံတရာပြောဆိုခြင်းမပြုပဲ သင်္ကန်းတစ်စုံ၊ သပိတ်တစ်စုံ၊ အရိုးတစ်ချောင်း၊ မီးစွဲစထင်း တစ်တောင်ခန့်တို့ကို မင်းအားဆက်သရန် ပေးလိုက်သည်။ ဆရာတော် ပေးလိုက်သည်ကို အနောက်ဘက်လွန်မင်းတွေ့မြင်လျှင် ကျောင်းကျွန်၊ ဘုရားကျွန်၊ အရိုးကောက်နှင့် သုဘရာဇာတို့မှ ဆင်းသက်သောသူတို့ကို တပ်မှထုတ်ပြီး နေရပ်သို့ပြန်စေသည်။
အေဒီ ၁၆၃၇-ခုတွင် သာလွန်မင်း ရှမ်းပြည်ကြောင်းစစ်ချီရာတွင် လမ်းခရီးယာယီတဲနန်း ဆောက်လုပ်ရေးနှင့် လောကီအစီအရင်တို့ ပြုလုပ်ရေးတို့အတွက် ပုဏ္ဏားအဇာဂုရု၊ ပေါက္ခရဿဒီ၊ ပညာရှိ မဟာကျော်စွာ၊ မဟာကျော်သူတို့ကို ရှေ့ပြေးလွှတ်သောတပ်နှင့် လိုက်စေသည်။ ထိုသူများက သာလွန်မင်း လမ်းခရီးတွင် ရပ်နားမည့် ယာယီတဲနန်းများ၏ လေးမျက်နှာတွင် “ဓာတ်အိုး၊ ဓာတ်မ၊ ဓာတ်ကူး၊ ဓာတ်ရှင်၊ ဓာတ်အက္ခရာ၊ နက်ကျိန်ခြေကျိန်” တို့စီရင်သည်။ စစ်ထွက်ခါနီးတွင် နန်းတော်ဦး၌ တစ်ရာခုနှစ်ကွက် စင်္ကြံအောင်လံ၊ ရှေ့ဝင်း ဆင်ပျံရတနာ၊ နောက်ဝင်းမြင်းပျံရတနာ၊ လက်ဝဲ၀င်းသူဌေးကြီးရတနာတို့ကို ချထားသည်။ ငှက်ဆင်စီးနတ်သားရုပ်၊ မြင်းစီးနတ်သားရုပ်၊ မိုးကြိုးပစ်၍သေသော ကျွဲ၏ချို၊ သားမဖွားနိုင်၍ သေသောကျွဲမ၏ချိုနှင့် ကျွဲချင်းခတ်ရာတွင် အနိုင်ရသောကျွဲ၏ ချိုများတွင် အင်းများရေးသားပြီး တပ်နှင့်အတူ ဆောင်ယူသည်။ စစ်ထွက်လျှင် ပရမဟာဓမ္မရာဇာဂုရုဆရာတော်၊ နှဲလင်္ကာဆရာတော်နှင့် မဟာဝန်ဆရာတော်သုံးပါးတို့က သင်္ဃာရှစ်ပါးစီ ရံလျက် တပ်ဦးမှ ယာဉ်စီး၍ လိုက်ရသည်။
ညောင်ရမ်းခေတ်ဦးတွင် အရပ်ရပ် မြို့ရွာများ၌ နတ်ကွန်းများသာမက သိကြားကွန်းများပါ ဆောက်လုပ်ပြီး နတ်အတွက် နတ်ထိန်းခန့်သကဲ့သို့ သိကြားထိန်းများခန့်ထားသည်။ သိကြားထိန်းနှင့် သိကြားကွန်းများအတွက် သာလွန်မင်းလက်ထက် အေဒီ ၁၆၃၅-ခုတွင် နတ်ကွန်း၊ သိကြားကွန်းများကို ကောင်းစွာထိန်းသိမ်းသည်။ မထိန်းသိမ်းသည်နှင့် ပတ်သက်၍ သူကြီး၊ မြေတိုင်စသူတို့ကို မေးစစ်ရန် ၀န်ကြီးများကို မင်းက အမိန့်ထုတ်သည်။ ထိုမင်းသည် နတ်ကွန်း၊ သိကြားကွန်းတို့ကို မပြတ်ဂရုစိုက်၏။
ထိုခေတ်မင်းများ၏ ဆင်များအတွက် ပသတင်မြှောက်သည့် ဆင်နတ်မှာ ဥဒိန်မင်းစောနတ် ဖြစ်သည်။ စစ်မက်ရေးရာတွင် ဆင်သည် များစွာအရေးပါသည်ဖြစ်ရာ ဆင်နတ်ကို မင်းက လွန်စွာ ဂရုပြုအလေးထားသည်။
“အောက်မာဝန် အောက်မာစာရေးတိုဝ်သည် ဆင်အောက်၍ရလျှင် ဥဒိန်မင်းစောကိုလည်း ပသ၍ တင်မြဲအတင်တော်ကို တင်ရမည်။”
ဟု သာလွန်မင်းက အေဒီ၁၆၃၃-ခုတွင် အမိန့်တော်ထုတ်သည်။ “တင်မြဲအတင်တော်”ဟူသော စကားကိုထောက်၍ သူ့အရင်မင်းများလက်ထက်ကပင် ဆင်နှင့်ပတ်သက်လျှင် ဥဒိန်မင်းစောနတ်ကို တင်မြဲဖြစ်သည်ဆိုနိုင်ရာ၏။ “ဥဒိန်မင်းစောနတ်ကွန်း ယိုယွင်းပျက်စီးသမျှ ပြင်လုပ်စေ”ဟု သာလွန်မင်းက အမိန့်တော် ထုတ်ခဲ့ဖူးသည်။
သာလွန်မင်းသည် အေဒီ ၁၆၃၄-ခုတွင် အ၀၌ နန်းတော်သစ်ဆောက်သည်။ နန်းတော်တိုင်များတွင် အင်းချသည်။ တိုင်ပတ်လည်တွင် နွားနောက်ရုပ်၊ ဗျိုင်းရုပ်၊ ပုဏ္ဏား ခြောက်ဆယ့်ခုနှစ်ယောက်၏ အရုပ်များကို ဆေးစုံရေးသည်။ နန်းတော်သစ်သိမ်းသည့်နေ့တွင် ကြက်သရေတိုက်အတွင်း၌ ၀တ်စားတန်ဆာအစုံနှင့် ကိုယ်ဝန်ဆောင်နှစ်ဦး နေစေသည်။ တစ်ယောက်က ကျောက်ပျဉ်ရွက်နေရပြီး ကျန်တစ်ယောက်က ကြောင်နီကို ပိုက်၍နေရသည်။ နန်းတော်သစ်၏ အရှေ့စူးစူးတွင် ဆင်တင်ရွှေရေးပေါင်းနှင့် ဆင်မသားအမိ၊ အနောက်တောင်ဆိတ်သားအမိ၊ အနောက်စူးစူးရဲကတင် ဆင်မြောင်နှစ်စီး၊ အနောက်မြောက်ထောင့် ကျွန်သားအမိ၊ မြောက်စူးစူး သမင်သားအမိ၊ အရှေ့မြောက် မြင်းသားအမိတို့ကို နေစေသည်။ ထို့ပြင် ရေမျိုးစုံကိုလည်း မန္တာန်တော်တို့ကို မန်းစေ၍ နန်းတော်တွင်း ဖျန်းပက်၏။ ပုဏ္ဏားတို့က မန္တာန်ရေကို ခရုသင်းဖြင့် လက်ပြန်ပက်စေကြောင်း မင်းသုံးပါးအမိန့်တော်တွင် တွေ့ရှိရသည်။
သာလွန်မင်းသည် ပင်းယဘုံစံတုလွတ်ကျောင်းတော်ကို ရေစက်ချလှူဒါန်းရန် ကောဇာသက္ကရာဇ် ၁၀၀၀-ပြည့်နှစ်ကို ကြုံကြိုက်ခဲသောနှစ်အဖြစ် သတ်မှတ်ပြီး ထိုနှစ် ကဆုန်လပြည့်နေ့ကို ရွေးချယ်သည်။ ရေစက်ချရမည့်အချိန်ကိုမူ ပုဏ္ဏားအဇာဂုရုကို တွက်စေသည်။ နေ့တစ်ချက်တီးကျော် ၄-နာရီ ၂-ပတ် ၅-ဗီဇနာကို ကျောင်းတော်တင်အခါရကြောင်း ပုဏ္ဏားအဇာဂုရုက တွက်ချက်ပေးသည်။ ကျောင်းတော်သို့ မင်းထွက်ရာ၌ မည်သည့်ယာဉ်စီး၍ ထွက်ရမည်ကိုလည်း ထိုပုဏ္ဏားကိုပင်တွက်စေရာ မြင်းရထားစီးရမည် ဟုဆိုသဖြင့် မင်းကလည်း ပုဏ္ဏားဆိုတိုင်း မြင်းရထားကိုပင် စီး၍ထွက်သည်ကို သာလွန်မင်းအမိန့်တော်များတွင် တွေ့ရသည်။ ကျောင်းတော်သို့ မင်းထွက်ရာတွင် နေ့နံသင့်သူများက မန္တာန်ရည်ထည့်ထားသော မန္တာန်အိုးများကို သယ်ဆောင်ကြရသည်။ ထွက်တော်မူရာတွင်---
“ဘုံစံတုလွတ်ကျောင်းတော်သိုဝ် ထွက်တော်မူမည်မှာ ပါပဓာတ် သူရစ္စဓာတ် အမြိတ္တဓာတ် ကောလီဓာတ် လေးရပ်သောဗေဒင်ကြောင်းတိုဝ်ဖြင့် ကျင့်၍ ထွက်စံတော်မူသည်… ဆွေတော်ရင်း သီရိဓမ္မာ မင်းရဲကိုဝ်မေး၍ ဓာတ်နေသင့်အောင် ပုံစံနှင့်ဝန်တိုဝ်က ကြည့်ရှုကြရမည်”
ဟု မင်းသုံးပါးအမိန့်တော်တွင် တွေ့ရ၏။ သီရိဓမ္မာမင်းရဲကလည်း ဆင်၊ ဆင်ဦးစီး၊ ချွန်းစွဲ၊ သေနတ်လုလင်၊ မြင်းတော်သည်၊ ကိုယ်ရံတို့ကို နေ့နံရွေးချယ်၍ နေရာချသည်။ ၀င်းမှူးလေးဦးကိုလည်း နတ်မင်းကြီးလေးပါးကဲ့သို့ ၀တ်စေ၍ နေ့သင့်ရာမှ လိုက်ပါစေသည်။ အမြောက်လက်နက်တို့ကိုလည်း ကိန်းခန်းနှင့်အညီ ချထားသည်။ များစွာအသေးလည်းစိပ်၍ ကျယ်လည်းကျယ်ဝန်းသော အစီအရင်များဖြစ်၏။
ရသေ့ရုပ်ပို့လွှတ်ပူဇော်ခြင်းအကြောင်းကို သာလွန်မင်းလက်ထက် အေဒီ ၁၆၃၈-ခု၌ တွေ့ရသည်။ ဤတစ်ကြိမ်သာလျှင် တွေ့ရသဖြင့် နှစ်စဉ်ပို့လွှတ်ပူဇော်ခြင်းမဟုတ်ပဲ ထိုနှစ်သည် ကောဇာသက္ကရာဇ် ၁၀၀၀-ပြည့်ဖြစ်၍ ကြုံကြိုက်ခဲသောကြောင့် လုပ်ဆောင်ခြင်းဟု ယူမှတ်ရာသည်။ ရသေ့ရုပ်မှာ အဂ္ဂသီတရှင်ရသေ့ရုပ်ဖြစ်၍ ပို့လွှတ်သည်မှာ---
“တထောင်ပြည် တော်သလင်းလတွင် ၂၇ အင်္သာကြိုက်သည်။ နေပေါင်ပွင့်ကိုဝ် အဂ္ဂသီတ ရှင်ရသေ့ရုပ်လုပ်စေ၍ ကိုယ်ဝန် ဒုကုတ်သင်ကန် ခါပန် သင်ပိုင် ခရိုင် ပဲကွပ် သပိတ် အပ် အစုံ ဆွမ်းခဲဖွယ် တောင်ဝှေးကြိမ်ခွေ သစ်သာ သုံးခွတိုဝ်ကို နန်တွင်၌ စင်နှင်တည်ထား၍ ၉ ပါပုဏ္ဏားတိုဝ်ကို ပူဇော်စေပြီးလျှင် နေထွက်ရာအရပ် မြစ်ကူးချောင်းချားသိုဝ် ပို့စေ”
ဟူ၍ဖြစ်သည်။ အဇာဂုရုပုဏ္ဏားကိုမေး၍ ၀န်တို့က စီရင်ရမည်ဟု မင်းကမှာသည်ကိုထောက်၍ ဤစီရင်ထုံးကို ပုဏ္ဏားအဇာဂုရုသိသည်ဟု ယူမှတ်နိုင်သည်။ ထိုသို့ဖြစ်လျှင် ဤတစ်ကြိမ်သာ စီရင်သည်မဟုတ်မူပဲ ရှေးအခါကလည်း ပို့လွှတ်ဖူးရာသည်။ မည်သည့်အတွက်ကြောင့် ပို့လွှတ်ပူဇော်ကြောင်းကိုကား တွေ့သမျှ အထောက်အထားများအရ မသိရသေးချေ။
ညောင်ရမ်းခေတ်ဦးမင်းတို့သည် ၎င်းတို့သားသမီးများ၏ လက္ခဏာကိုပုဏ္ဏားတို့အား တွက်ချက်စေသည်။ သာလွန်မင်း၏သားတော်တစ်ပါးဖြစ်သော မင်းရဲကျော်ခေါင်၏ ဇာတာလက္ခဏာကို ပုဏ္ဏား(အမည်မဖတ်ရ)က တွက်ချက်ပေးရသည်။ ပုဏ္ဏားက မင်းသား၏ဇာတာကို တွက်ချက်သည်မှာ---
“ပဋိသန္ဓေတိုင် ဆည်တိုင် မိတ္တူတိုင် ဓတ်တိုင် ဥိတိုင်လည်တိုင်ဆုံ။ စုတ်တိုင် ၃ိ တိုင်လည်တိုင်ဆုံ။ အာယုတိုင် (၃ိတိုင်) လည်တိုင်ဆုံ။ ဣဿရိယ တိုင်ဥိတိုင်လည်တိုင်ဆုံ။ တရိပေတ ဥိတိုင် လည်တိုင်ဆုံ။ မည်ခံဓမ္မ တိုင်ဥိလည်တိုင်ဆုံ။ ပဉ္စသီလတိုင်ဥိ တိုင်လည်တိုင်ဆုံ။ သက္ကရာဇ် ကြက်ခြေခတ် ကြက်ခြေစုတ် ကြက်ခြေဥပတ် ကြက်ခြေပဉ္စပီသ”
ဟူ၍ အမိန့်တော်တစ်စောင်တွင် တွေ့ရသည်။ ထိုမင်းသားကား နောင်အခါ မင်းဖြစ်လာ၏။ ပြည်မင်းတည်း။
နိဂုံးချုပ်အားဖြင့် မင်းလုပ်သူက လောကီအစီအရင်တတ်ကျွမ်းသူတို့အပေါ် သဘောထားကို တင်ပြလိုပါသည်။
“အထူးထူးသော ဂဏန်းဟူရားဟော၊ အထူးထူးသောကမ္ဘာကျမ်း၌ လာသောစကားဖြင့် ပြောဟောနိုင်ခြင်း… ဘေးဥပါဒ်အန္တရာယ်လွှဲဖယ်ပြောက်ကြောင်းမင်းနှင့်တကွ ပြည်သူလူထု ရဟန်းအား ဘေးရန်ကင်းကြောင်း အကျိုးရှည်စွာ ဖြစ်ကြောင်းနှံ့ပြား စေ့စုံတတ်စွမ်းသော ဗေဒင်အရာကိုဝ်လည်း ရှာ၏… ဤသိုဝ်သောသူတိုဝ်သည် မင်းကောင်းမင်းမြတ် လောကနတ်ဖြစ်သော မင်း၏ မိတ်ခင်ပွန်းတည်း”
ဟု သာလွန်မင်း၏ ထိုသူများအပေါ်သဘောထားကို တွေ့ရသည်။ လောကီအစီအရင်တို့၌ တတ်ကျွမ်းနားလည်သူတို့ကို လွန်စွာအလေးထားကြောင်း ထင်ရှားသည်။ သာလွန်မင်းသည် မန္တာန်ရွတ်စုကို မင်းအောင်ကိုင်လုလင်စု၊ ၀င်းတော်သား ရုံးတော်မြှောင် တုရင်ပြော့သားတို့နှင့် ရည်တူစုဟု သတ်မှတ်သည်။ ထို့ပြင် မန္တန်ဝန်ဟု သီးခြားရှိသည်။ မင်းအဝေးသို့ချီလျှင် မန္တန်ဝန်သည် နောက်တော်လိုက်ရကြောင်း သာလွန်မင်း၏ အမိန့်တော်များတွင် တွေ့မြင်ရလေသည်။
အချုပ်အားဖြင့် ညောင်ရမ်းခေတ်ဦး မင်းတို့သည် ထေရ၀ါဒဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်ကြသော်လည်း လောကီယုံကြည်မှုတို့ကိုပါ လက်ခံသည်။ ရဟန်းတော်များကိုပင် အကြိမ်ကြိမ် အလီလီ ယတြာလုပ်စေသည်။ ထိုခေတ်မင်းတို့အတွက် လောကီအစီအရင်များကို ဦးဆောင်ပြုလုပ်ပေးသူတို့မှာ သံဃာတော်များ၊ ပုဏ္ဏားများနှင့် ပညာရှိများဖြစ်၏။ မင်းသားတစ်ပါးပင် ပါဝင်သည်။ ထင်ရှားသူတို့ကား ဘားမဲ့ဆရာတော်နှင့် ပုဏ္ဏားအဇာဂုရုတို့ဖြစ်ကြသည်။ လူမှုရေးနှင့် စစ်ရေးဟူသမျှ၌ လောကီအစီအရင် မပါသည်မရှိချေ။ ကျောင်းရေစက်ချရာ၌ပင် လောကီအစီအရင် ပါဝင်သေး၏။ နတ်တင်ခြင်း၊ နတ်သဘင်ခံခြင်း၊ အင်းချခြင်း၊ ဓာတ်ဆင်ခြင်း၊ ယတြာပြုလုပ်ခြင်း၊ မန္တန်မန်းမှုတ်ခြင်း၊ နေ့နံသင့်တွက်ရခြင်းစသည်ဖြင့် ပြုဘွယ်တို့များလှ၏။ နတ်တို့အနက် ထင်ရှားသောနတ်များမှာ ငါးစီးရှင်နတ်၊ ကျော်စွာနတ်၊ ညိန်မင်းစောနတ်နှင့် ၀ိသာခါနတ်တို့ ဖြစ်ကြသည်။ လောကီအစီအရင်တို့သည် အများအားဖြင့် မြို့နန်းလုံခြုံရေးနှင့် စစ်ပွဲအောင်နိုင်ရေးတို့ အတွက် ရည်သန်၍ လုပ်ဆောင်ခဲ့ကြပေသတည်း။
ကျမ်းကိုးစာရင်း
၁။ ညောင်ရမ်းမင်းတရားလက်ထက်တော်ကသည် အနောက်ဖက်လွန်မင်း၊ သာလွန်မင်းတရားတို့တိုင် မင်းသုံးပါးအမိန့်တော်။ အမျိုးသားစာကြည့်တိုက်၊ ပေ = ၂၂၀၈။
၂။ သာလွန်မင်းတရား အမိန့်တော်များ၊ ပေမူ၊ အမျိုးသားစာကြည့်တိုက်၊ ပေ = ၁၆၁၂။
၃။ သက္ကရာဇ် ၁၀၀၀-ပြည့် သာလွန်မင်းလက်ထက်မှသည် မှန်နန်းရှင် တနင်္ဂနွေတိုင် ထုတ်ပြန်သည် အမိန့်တော်တမ်း၊ အမျိုးသားစာကြည့်တိုက်၊ ပေ = ၁၉၅၀။

0 comments:
Post a Comment