အိုးဖုတ်ရင်း မိုးချုပ်သွားသူများ (၂)

on Saturday, January 15, 2011



ကျိုက်ကေသာ ရွှေဆံတော်ဘုရား တောင်မြေကို
ဖိုထဲမှာ နှစ်ပေါက်အောင် သိုလှောင်ထား
ကမ်းနားမြေနက် မွမွကို
ရေနဲ့ သမပြီး တစ်ညသိပ်
စက်နဲ့ အမှုန့်ကြိတ်ပြီး မြေသားကို
ရွှံ့လှောင်ကန်မှာ ထည့်ထား
ပြီးတော့မှ …

အချိုးအစား ကျကျနဲ့
အိုးသားလှလှ ဖြစ်အောင်
ရွှံ့နှစ်တုံးကို လက်နဲ့လှီး
ဘီးစကြာပေါ်မှာ လက်နဲ့ပြုပြင်
ခရု, မဲတံ, ဖင်လှီးတံနဲ့
လက်နှီးကို ရေဆွတ်ပြီး
ဘီးပေါ်မှာ မွတ်နေအောင် လည်နေတဲ့
ရွှံ့မြေတုံးကို
လူသုံးကုန် အိုးပစ္စည်း
အမျိုးမျိုးဖန်တီးခဲ့ကြ
ဒီလိုနဲ့ ပြီးရောတဲ့လားကွယ်
ခပ်လွယ်လွယ် အလုပ်ဆိုတာ
အိုးတစ်လုံးရဲ့ အတ္ထုပ္ပတ္တိ မဟုတ်
အနက်ထည်လုပ်ဖို့ စဥ့်ခဲကိစ္စ
ရှမ်းပြည် ဟဲဟိုးကို သွားဝယ်ရ
ရှားပါးတဲ့ ထင်းမီးအရေး
တွံတေး တောကြီးတန်းနဲ့
ငှက်အော်စမ်း ဘေးနားမှာ
အပြေးအလွှား ရှာဖွေရ
‘ကလေဖို’ ကြီးကြီးနဲ့
‘မြေစိုက်ဖို’ မီးရဲရဲမှာ
အိုးဖုတ်သူတွေရဲ့ အသည်းနှလုံးဟာ
ကျွဲပခုံးလို မာကြမ်းခဲ့ပြီ
သား ရွှေအိုး ထမ်းလာတာကို
မြင်ချင်ရှာတဲ့ … အမေ

ခုတော့ … ခဏနေပါဦး
အမေ့သားရဲ့ တစ်နေ့တာ ၀င်ငွေဟာ
တစ်ရာကျော်ကျော် ရှိပေမယ့်
သိတယ်မဟုတ်လား အမေ
ငွေကမ္ဘာ အရှာမတတ်လို့
အမေ့မြေးကလေး ‘ သာထပ်’ ဟာ
စာငတ် … ဘာငတ်နဲ့ပေါ့
အနာဂတ်မမြင်သေးဘူး အမေ …။

အပေါ်ယံလွှာ ကွက်ကြည့်ပြီး
အနီထည်နဲ့ အနက်ထည်နှစ်မျိုးကို
‘ အိုး’ …လို့ ခေါ်မယ်ဆိုရင်တော့
သိပ်လွယ်တာပေါ့ ရှင်မရယ်
တကယ်မြင်ရတဲ့ အခါမှာ
ကမ္ဘာကြီးဟာ
ကဗျာမဆန်တော့ပါဘူး
နေပူခံ အခြောက်လှန်းပြီးမှ
(နှစ်နေနဲ့ နှစ်ည မီးသွင်း)
ကလေဖိုကြီးရဲ့ မီးပြင်းပြင်းမှာ
(တစ်နေ့နဲ့ တစ်ည မီးမြှိုက်)
မြေစိုက်ဖိုကြီးရဲ့ မီးရဲရဲမှာ
မကွဲမအက်အောင် အိုးဖုတ်ကြ
စိတ်ဝင်အိုး ၀တုတ်တုတ်ကြီးတွေ
ငရုတ်ဆုံ အ၀ ကျယ်ကျယ်တွေ
ပလုံတုံအိုး ပုပုလေးတွေ
ဘုမပါတဲ့ ဆုံရိုးကြီးတွေ
ဘုံဘိုင်အိုး, သောက်ရေအိုး
ပန်းအိုးနဲ့ ရေတကောင်း
တင်းဝင်တောင်း, စိတ်တောင်း
မနှဲတောင်း, စကတောင်းနဲ့
နှစ်ပြည်ဝင်တောင်းတွေ တောင်လိုပုံ
ဗေဒါဆုံတွေ အထပ်ထပ်
ဆုံလတ်, ဆုံသေးတွေကို
စဥ့်ချော်ရည်နဲ့ ဆေးသုတ်
အနက်ထည်လုပ်ပြီး ဈေးကွက်ရှာ
အိုးရဲ့ အနာအဆာကို ကြည့်ရှု
မီး အနု, အရင့်ကို ခွဲခြားပြီး
ပထမတန်းစား
ဒုတိယ တတိယတန်းစား သတ်မှတ်
ဒေးဒရဲ, ဖျာပုံ, ကျိုက်လတ်နဲ့
အင်းစိန်ကို သမ္ဗန်ခတ်ပြီး ပို့ကြ
ကတ္တူလှေကြီး အသွယ်သွယ်နဲ့
ရေး, မြိတ်, ထားဝယ်ကို ပို့ကြ
ဒီလိုနဲ့ သူတို့ဘဝ
လှပသွားပြီ ထင်သလား
ကုန်သည် ပွဲစား ဟော်တယ်သွား
အိုးလုပ်သားတွေ ထန်းရည်ခါး။

ငရုတ်ဆုံလေးတွေ အစီအရီ
သူတို့ အမည် သညာကို
‘ဗေဒါဆုံ’ လို့ ခေါ်တွင်ကြ
ရှင်မနဲ့ ရင်းနှီးတယ်မဟုတ်လား
မီးဖိုချောင်ရဲ့ ဘက်တော်သားလေ
ငရုတ်,ကြက်သွန်ကို ကြိတ်ဝါးသတဲ့
ရှင်မ,စိတ်ဝင်စားတယ် မဟုတ်လား
(ဒါပေမယ့်  …)
လက်တွေ့မှာ စိတ်လှုပ်ရှား
ငရုတ်,ကြက်သွန် ဈေးကစားလို့
ငရုတ်ဆုံလေး အနားယူခဲ့တာ
ကြာခဲ့ပြီလေ …

ဟောဒီ့ အိုးလုပ်နေတဲ့ မိသားစုမှာ
ထုထောင်းစရာ
ငရုတ်နဲ့ ကြက်သွန်ဗလာ
ဗေဒါဆုံ မလို
သောက်ရေအိုး မလို
အိုးလုပ်တဲ့ တဲအိုအိုကြီးထဲမှာ
ဖြစ်သလိုနေ,ဖြစ်သလိုစား
ဖြစ်သလို ဖျား,ဖြစ်သလို နားခဲ့ကြ
ခ၀ါသည်နဲ့ အိုးသည် ပုံပြင်မှာ
အိုးထိန်းသည်ဟာ ယုတ်မာသူလား
ဆင်မည်းကို ဖြူအောင်လုပ်ချင်တဲ့
ဘုရင်ကြီးရဲ့ စိတ်ကူး
ရူးသွပ်တဲ့ အကြံဟာ တရားခံလား
အမှန် -အမှားကို ခွဲခြားလို့
အိုးဖုတ်တဲ့ အိုးလုပ်သားတွေ
မလွဲမှားအောင် ဖြေနိုင်တယ်
တကယ်လို့သာ
ခ၀ါသည်နဲ့ အိုးထိန်းသည်တို့ဟာ
ဉာဏ်ပညာမရှိတဲ့ ဘုရင်ကြီးရဲ့
မပြီးနိုင်တဲ့ ကိစ္စနဲ့
မရနိုင်တဲ့ အဖြစ်ကို
အစစ်အမှန်အတိုင်း ရင်ဖွင့်
လျှောက်တင်ခွင့် ရှိခဲ့မယ်ဆိုရင်
… …ဆိုရင်ပေါ့လေ။

အိုးဖုတ်ရင်း မိုးချုပ်သွားသူများ (၁)

on Friday, January 14, 2011


[ ကျွန်တော်တို့ မြန်မာများ၏ အနွယ်ဖြစ်သည့်
မူလ မြန်မာဟု ခေါ်သော ကန်စုဒေသက ချီအန်
လူမျိုးတို့သည် …
အလွန်လှပသော အိုးများကို အသုံးပြုခဲ့ကြသည်။
ထိုကာလသည် ခရစ် မပေါ်မီ နှစ်ပေါင်း ၂၀၀၀
ခန့်က ဖြစ်သည်ဟု သမိုင်းသုတေသီတို့က ဆိုကြ
ကုန်သည်။
… … …
ပုဂံကျောက်စာတို့၌ အိုးထိန်းသည် ဟူသော
ဝေါဟာရကို တွေ့ရသည်။]
(‘လူ့သမိုင်း’ ၊ ကျော်အောင် ပြုစုသည်၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၅ ခုနှစ်မှ … ။)

လူ့ယဉ်ကျေးမှုရဲ့ အစနဲ့
လူ့ဘ၀ရဲ့ အရေးအကြီးဆုံး ပစ္စည်းဟာ
‘မီး’ … ပြီးတော့
‘ရဟတ်ဘီး’ ပေါ့
အကြီးကျယ်ဆုံး အောင်မြင်မှုနဲ့
အံ့ဖွယ်သရဲ တီထွင်သူဟာ
ဘေဘီလုံမြို့သားလား
အဆီးရီးယား ပြည်သားလား
ဣန္ဒုမြစ်ဝှမ်းသားလား
နိုင်းမြစ်ဝှမ်းသားလား
မြေသားကို ဘယ်လိုတူးတူး
စိတ်ကူးကို ဘယ်လိုထုတ်ထုတ်
အိုးလုပ်ပုံ ဘယ်လိုဆန်းဆန်း
(၀င်ရိုးနဲ့ ဘီးရဲ့)
အခန်းကဏ္ဍမပါလျှင်
မြေအိုး’ … ဆိုတာ ဖြစ်ပေါ်မလာနိုင်
ဟို ခရစ်တော် မပေါ်လျှင်
နှစ်ပေါင်း နှစ်ထောင်ကျော်က
ရှေးအကျဆုံး အိုးလုပ်နည်းဟာ
ဘီးကို ခြေနဲ့သွက်သွက်လှည့်
လက်နှစ်ဘက်စလုံးက
ရွှံ့တုံးကို ထိန်းကျောင်း
ကမ္ဘာပေါ်မှာ အကောင်းဆုံး အိုးဆိုတာ
မိုဟင်ဂျိုဒါရိုမြို့သားရဲ့
လက်မှုပညာ အတွေးလား
တွံတေးမြို့သားရဲ့
ရှားပါးတဲ့ အနုပညာလက်ရာလား
အိုးထိန်းစက်လို အိမ်မက်များ…။

‘တွံတေး’… ဆိုတာ
မွန်ဘာသာစကားမှာတော့
တောင်ကုန်းပေါ်မှာ တည်ထားတဲ့
‘တောင်ကုန်းရွာ’ လေးမို့
ဟို….ပဝေရှေးတုန်းကတော့
ကွမ်းဒေး’ လို့ ခေါ်ခဲ့ကြ
ပေါက္ခရ၀တီ’ မြို့လို့လည်း
တချို့က အမှတ်သညာထားကြ
မြတ်စွာဘုရား ဆံတော်ကို
ပူဇော်ဖို့ ပင့်ဆောင်လာကြတဲ့
ပေါက္ခရ၀တီမြို့သား
တဖုဿနဲ့ ဘလ္လိက ညီနောင်နှစ်ပါး
တည်ထားတဲ့ ဘုရားစေတီ
ကျိုက်ကေသာ တည်ရှိတဲ့မြို့
မင်းရဲကျော်စွာ ကျဆုံးခဲ့တဲ့မြို့

ဥဇနာဘုရင်…
ဆင်နင်းခံရတဲ့မြို့
ကျန်စစ်မင်းသားကို
စောလူးမင်း အမျက်ထားလို့
နယ်နှင်ဒဏ် ခံစားရတဲ့မြို့
ပုဂံခေတ်ရဲ့ မဟာက၀ိ
ပညာရှိအမတ်ကြီး…ရာဇသင်္ကြန်
သွေးဝမ်းသွန် ကွယ်လွန်ခဲ့တဲ့မြို့
ရာဇ၀င်ထဲက (ဒလ) တွံတေးမြို့ဟောင်းမှာ
‘မောင်ရှင်’ဆိုတဲ့ လုလင်ယောက်ျား
စောင်းသမား ချောချောလေးဟာ
မိန်းမလှကျွန်း တောအုပ်ကို
မျောခုတ်မသွားမီ
သည်မြို့မှာ နားခဲ့ဖူးတယ်
ဘုရင့်နောင် မင်းတရားဟာ
သူပုန်ဗိုလ် နာဂိန္ဒကို
ကျိုက်ကေသာ စေတီရင်ပြင်မှာ
အပြီးတိုင် အောင်မြင်ခဲ့တဲ့နေရာ
‘ရှင်သာရိပုတ္တရာ’ ဆိုတဲ့
စာတတ်ကျမ်းတတ် ရဟန်းတစ်ပါး
ပုဂံခေတ် ကောင်းစားစဉ်အခါက
ဓမ္မ၀ိလာသ ဓမ္မသတ်ကျမ်းကို
တွံတေးတောတန်းကြီး အရိပ်ခိုရင်း
ပါဠိလို ပြုစုခဲ့ဖူးတယ်
သုဝဏ္ဏဒေ၀ီ မင်းသမီး
သထုံဘုရင်ရဲ့
သမီးတော် သခင်မဟာ
တွံတေးဘုရင်မပေါ့

အခုတော့ …
(ရာဇ၀င်ထဲက တွံတေးဟာ)
မင်းလမ်းဆိပ်ကမ်းဘေးမှာ
အိုးဖုတ်တဲ့ မြို့ကလေးလေ …။

အိမ် (၂)

on Saturday, January 8, 2011
စဘော်,စရံ…ဆိုတဲ့
အိမ်ရှင်ရဲ့ အသံကိုကြောက်
အပျောက်,အပြတ်နဲ့
အောက်ထပ်,အပေါ်ထပ်ကိစ္စ
သူ, စိတ္တဇဖြစ်နေတာ ကြာပြီ
‘ရေခဲရေ သောက်ချင် ဒီကိုလာ …
အိမ်လိုချင်ရင် ဟိုကိုသွား’ …တဲ့
တီဗွီကြော်ငြာထဲက စကား
သူ့ကို သရော်တာလားကွယ်
ခိုအိမ်လေးတွေကို အားကျ
ပျားတွေရဲ့
အိမ်ဖွဲ့တဲ့ လုံ့လကို နည်းယူ
မီးအပူမကြောက်တဲ့ ပလူကောင်ဟာ
အိမ်ရှာရင်း အတောင်ကျွတ်
အိမ်မြှောင်ကို လွတ်အောင်ရှောင်
အိမ်ဆာလောင်ရင် ဂနာမငြိမ်
အိမ် … အိမ် … အိမ်…အိမ် …
အိမ် … အိမ် … အိမ်…အိမ် …

ဘယ်လို အိမ်ကို မှန်းလို့
ဘယ်လို အခန်းကို ရွေးချယ်မလဲ
သူ့အတွေးနယ်ထဲမှာတော့
ပွဲထဲက ၀န်ကြီးအဆောင်အယောင်နဲ့
မြို့လည်ခေါင်မှာ မောင်းခတ်
အရပ်တကာမှာ ကြော်ငြာလွှင့်လို့
အိမ်ရှာပုံတော် ဖွင့်ရရင်
ရှင်မ … လှောင်ပြောင်မှာလား
ဟောင်ကောင်ပုံ တိုက်ပါးပါးလေးကို
ဒေါ်လာနဲ့ အပြတ်ငှားပြီး
ခပ်ကြွားကြွား နေပြရင်
ရှင်မ … ရယ်ချင်ဦးမှာလား
အို … သနားကြင်နာတော်မူပါ့
မမြင်ရတဲ့ တန်ခိုးရှင်ငဲ့ …
ဟော့ဒီ မိုးကောင်းကင်ကြီးအောက်က
အိမ်ပျောက်နေတဲ့ ‘လူ’တစ်ယောက်ကို
ကူထောက်ပံ့ပိုး သင့်တန်ခိုးနဲ့
အမိုးအကာပါရုံ အိမ်ကလေး
ဖန်ဆင်းပေးတော်မူပါ အရှင်
… …
(အာမင် …) လို့ပဲ ဆိုလိုက်ချင်။

ဆူးလေစေတီကို ဗဟိုပြု
မြို့ပြလူမှု အဆောက်အအုံမှာ
အသိုက်အမြုံနေစရာတစ်ခန်း
အိပ်မက်ထဲမှာ မှန်းခဲ့တယ်
မိသားစု ကျန်းမာရေး
လူမှုဘ၀ လှပရေး
ကုသရေး,ကာကွယ်ရေး
ပညာရေး,ပျော်ရွှင်ရေး
ပတ်ဝန်းကျင်သန့်ရှင်းရေး
အတွေးအခေါ်မှန်ကန်ရေး
ရှင်မကို အကြံပေးမယ်
ရုံး,ဈေး,ဆေးရုံ,ကျောင်း
အားလုံးပေါင်းလိုက်တော့
နေလို့ ကောင်းသွားမှာပေါ့ကွယ်
စိတ်ညစ်စရာတွေထဲမှာ
အိမ်ခန်းရှာရတဲ့ ဒုက္ခဘေး
စဘောဈေးကြီးတဲ့ ဒုက္ခဘေး
အိမ်လခဘေး ဒုက္ခဘေး
ဝဋ်ကြွေးရှိလျှင် ပြေစေချင်ပြီ
ကြည့်လေ … ရှင်မဖို့
လှပတဲ့ ဧည့်ခန်းမှာ
တီဗွီ,ကက်ဆက်,ပန်ကာ
ဂစ်တာတစ်လက်,ဆက်တီတစ်စုံ
ရေ မီး အစုံအလင်နဲ့ပေါ့
ဘုံတစ်ခွင်မှာ
ဂုဏ်အင် မသိမ်ငယ်စေရ
သိင်္ဂါရအပြုံးကို
တိမ်လွှာတစ်စ မဖုံးစေရ
(ခုတော့ ခဏနေဦး)
ရှင်မ … နည်းနည်းသည်းခံ
ညည်း … ကလန်ကဆန် မလုပ်နဲ့
ညည်း … မျက်စောင်းမထိုးနဲ့
အားလုံးကောင်းသွားမှာပေါ့
နေလို့ ကောင်းသွားမှာပေါ့
နော့် … ရှင်မရယ်…။

အသိုက်အမြုံ အလုပ်ဆိုတာ
အမှိုက်ပုံ ရှုပ်သလိုတော့
မဟုတ်ဘူးပေါ့ ရှင်မရယ်
‘မနုဿတ္တ ဒုလ္လဘကို၊
အရတော်စွာ ဤအခါ၌’ …တဲ့
မဃဒေ၀ လင်္ကာသစ်
တစ်ခါတရံ သံသယဖြစ်မိ
ခေါစာမပစ်နိုင်လို့
ရောဂါဖြစ်နေရသူ
အိမ်ရှာမရလို့
တိမ်လွှာတိမ်စလို လွှင့်မျောသူ
‘ဟောဒီ ကမ္ဘာမြေကြီးဟာ
မြေခွေးကို လိုက်ဖို့
ဖန်ဆင်းထားတာ မဟုတ်ဘူး
အခြားသော ရင်းမြစ်ရတနာများကို
ရှာဖွေရန်
ဖန်ဆင်းထားခြင်း ဖြစ်တယ်’ … ဆိုတဲ့
‘ဂျွန်ရပ်စကင်း’ ရဲ့ ဟောပြောချက်
အိမ်ခန်းရှာရင်း အလွတ်ကျက်သူ
မြို့စွန်ရပ်ကွက် ဇနပုဒ်မှာ
တဲအိမ်ကုပ်ကုပ်လေးငှားပြီး
လူသားတို့ ထုံးစံတရားအရ
မယားနဲ့သားကို ထားနိုင်ဖို့
သွေးအားတွေ ဖျစ်ညှစ်ထုတ်
အရိုးအဆစ်တွေ ပြုတ်သွားအောင်
ခံစား…

သူ စုဆောင်းထားတဲ့ ရတနာအထုပ်
သူ့ စာအုပ်တွေကို ထုခွဲ
သူ့ အသည်းနှလုံးကို အန်ချ
အိမ်ခန်းလေး အမြန်ရအောင်
ကြံဆရတဲ့ အလုပ်ဟာ
သန္တရသ အက်ဆေးတစ်ပုဒ်တော့
မဟုတ်သေးဘူး ရှင်မ
ရွှင်ပျနေတဲ့ ကမ္ဘာကြီးဟာ
သူ့ အိမ်ဂေဟာ မလှရုပ်ကြောင့်
လ ငပုပ်ဖမ်းသလို
ညိုမှောင်သွားမယ်ဆိုရင်
အားနာပါတယ် ကမ္ဘာကြီးရယ်။

တဲ တံခါးမှာ
ကဲလား ထောက်စရာမလို
သူရဲခို,သူရဲပြေး မလို
ဗဟိုစည် မျှော်စင်မလို
တော်ဝင်ပြဿာဒ် မလို
ဆက်သွယ်ရေး ဂြိုဟ်ထု မလို
မိုက်ခရိုဝေ့ မလို
(တစ်နေ့တာ ရှာရတဲ့
အသပြာတစ်စနဲ့
တစ်နေ့စာ အာဟာရတစ်ဖက်
ပါစက ဓာတ်တော့လိုအပ်တယ်)
ဖြစ်သလိုနေ-ဖြစ်သလိုစား
ဖြစ်သလိုသွား-ဖြစ်သလိုပြန်
လောကဓံကို အန်တု
အဆင်မပြေမှုတွေနဲ့
အဆင်ပြေအောင် ဆက်ဆံရင်း
‘မနက်ဖြန်ပျားရည်’… အရှာထွက်တော့
တမာရွက်ဖျော်ရည် ခါးခါးတစ်ခွက်
အသက်အောင့်ပြီး သောက်ခဲ့ရ
တောက်…
မသက်သာဘူး ရှင်မရေ …
စလေ ဦးပုညရဲ့
ကာက ၀လိယ မောင်နှံပမာ
‘အကာမှာ ဆူးခက်
အင်ဖက်အမိုး၊ ကျူရိုးတိုင်ထူ
နေပူကျဲကျဲ၊ ၀က်သိုက်တဲတွင်
အုတ်ခဲခေါင်းအုန်း၊ အိုးတစ်လုံး ဖျာမရှိ
ဘူမိကမ္ဗလာ၊ မြေမွေ့ရာမှာ
ချူချာတော် မူလှသော်’ …တဲ့
ပြောဖို့လိုသေးလား အချစ်ရယ်
စိတ်ညစ်တယ်ဆိုတဲ့ စကား
ဟို … ကာက ၀လိယ လင်မယား
ကြားသွားရင်
ဖျားသွားမယ် တိုးတိုးပြော
မမောချင်တော့ဘူး ရှင်မရယ်။
‘လူ့ဘ၀မှ
ဝေးလာသည်နှင့် အမျှ
သစ္စတရားနှင့် နီးလာခဲ့ပြီ’…တဲ့
မနာမီ, မသေမီမှာ
လူတွေကို ဖီလာပြု
လူမှုအသိုက်အအုံကို
မယုံကြည်တဲ့စိတ်ဓာတ်
ဆော့ခရတ္တိရဲ့ တရားကို
သူ ခါးသီးစွာ ငြင်းဆန်ရင်း
ကံကြမ္မာကို တင်းခံအန်တုခဲ့
စစ်ကြိုခေတ် ၀တ္ထုထဲက
လူ့ဘ၀ဆိုတာ
ဒုက္ခတွေနဲ့ ရင်ဆိုင်ပြီးရင်
သူဌေးကြီးတစ်ဦးက ကယ်တင်
(ဒိလိုမှ မဟုတ်ခဲ့ရင် …)
ရုတ်တရက်အမွေတွေရပြီး
ပျော်ပျော်ကြီးဇာတ်သိမ်း
အိမ်း … ကောင်းလေစွ … ကောင်းလေစွ
သူ့ရုပ်ဘ၀မှာတော့
ဒုက္ခဇာတ်ဝင်ခန်းတစ်ခု
ဘယ်သူမှ မှတ်တမ်းမပြု
သူ့အိပ်ခန်းကျဉ်းလေးထဲမှာ
ရေနွေးတစ်အိုးနဲ့
ရိုးသားစွာ ဖတ်ရတဲ့
တကယ့်ဖြစ်ရပ်မှန် ၀တ္ထုပေါ့
အခုလို အချိန်မှာတော့
စည်းစိမ်ဥစ္စာဆိုတာ … ဘာလဲ
သူ့ စာအုပ်စင် ဖရိုဖရဲနဲ့
မှိုနံ့စွဲနေတဲ့
တဲအိမ်အိုကလေးထဲမှာ
‘မအိုဆေးစာသူများ’ …တဲ့
စိတ်နဲ့ ရေးထားတဲ့ ပန်းချီကား
သူ့ နှလုံးသား ရွှေစင်အတိကို
ရှင်မ … သိတယ်မဟုတ်လား
ရှင်မ … နားလည်နိုင်စေသား။    






အိမ် (၁)

on Friday, January 7, 2011

 
[ ကျွန်မတွင်  ‘အိမ်’ မရှိတော့ပြီဖြစ်၍
သူများတွေ၏ ကိုယ်ပိုင်အိမ်တွေကို စိတ်ဝင်စားလျက်
ရှိပါသည်။ သမီး၏သူငယ်ချင်း နာမည်ကျော် စာရေး
ဆရာမလေး ‘ဂျူး’ကတော့ ကိုယ်ပိုင်တိုက်လေး
တစ်ခန်းဝယ်ရန် ကြိုးစားမည်တဲ့  …]
(ခင်ဆွေဦး ‘တကယ်ချဉ်တယ်’ …၀တ္ထုတို၊ ရင်ထဲငြိမ်းမဂ္ဂဇင်း၊ နိုဝင်ဘာ ၉၂-မှ)

‘ကမ္ဘာကြီးဟာ …
သီးခြား လှပနေသော်ငြား
‘လူသား’ဟု ခေါ်တွင်သော
ရောဂါတစ်ခု စွဲကပ်နေသည်’ …တဲ့
၁၉ရာစု ဂျာမန်တွေးခေါ်ရှင်
နီယက်ရှေးရဲ့ လောကအမြင်ကို
ဆန့်ကျင်ခဲ့တဲ့ လူဟာ (သူပေါ့)

အခုကျတော့ …
ဒုက္ခနဲ့တည့်တည့်တိုး
အိုးတစ်လုံး-ဖျာတစ်ချပ်နဲ့
အိမ်ခန်းရှာဖို့ ကမ္ဘာပတ်
ကဗျာဓာတ်တွေ ပြတ်တောက်သွား
မတ်စောက်တဲ့ ချောက်ကမ်းပါးမှာ
အိမ်ရှင်,အိမ်ငှားပြဿနာ
စဘော်ငွေ ပြဿနာ
အိမ်လခ ပြဿနာ
ရေပြဿနာ, မီးပြဿနာ
ဓာတ်ကြီးလေးပါး၊ ဈေးစကားပြော
ကြေးများသော ပြဿနာ
နွေကမ္ဘာမှာ၊ မြေတစ်ဖျာလောက်
နေစရာပျောက်တဲ့ ပြဿနာ
မတတ်သာလို့ လူလာဖြစ်
ဟို … ကျောက်ခေတ်လူသားကို
သူ,အားကျနေတာ ကြာပြီလေ …။

လူ့ဘ၀ကို ရတုန်းရခိုက်မှာ
အမြိုက်သုခတွေ ခံစား
ကံတရားကို အသာစီးယူ
ပူပင်ကြောင့်ကြမဲ့ ဘ၀နဲ့
လှပတဲ့ လက်ဖက်ရည်ဆောင်
ရွှေအိုရောင် ဧည့်ခန်း
ဆန်းပြားတဲ့ ပန်းခုံတော်
ဖျော်ဖြေမှု ပွဲကြည့်စင်
ဥယျာဉ်နဲ့ ရေကန်
ကြာပွင့်ခံ သလွန်ညောင်စောင်းမှာ
အကောင်းဆုံးတွေ ဆင်သပြီး
ရှင်မကို ထားချင်တယ် …

မွန်ဂိုဘုရင် ဧကရာဇ်
ကူဗလေခန်ရဲ့ ရွှေခေတ်က
ခန်ဘာလစ် နန်းတော်လို
ဆော်လမွန်ဘုရင်ရဲ့
လိဗနွန် နန်းတော်လို
မျှော်စင်,ပြာဿဒ်, တံတိုင်း
ရေကျုံးပတ်လည် ၀ိုင်းရံ
မှန်စီရွှေချ အခြယ်အမှုန်းတွေနဲ့
မင်းတုန်းဘုရင်ရဲ့ နန်းတော်လို
အပျိုတော် အခစားတွေနဲ့
ရှင်မကို အလှထားချင်တယ် …

မက်ဆိုပိုတေးမီးယား ဗိသုကာ
မိုင်နိုယန် ဗိသုကာ
ဂရိ ဗိသုကာ
ရောမ ဗိသုကာ
အလယ်ခေတ် ဗိသုကာ
ဂေါ့သစ် ဗိသုကာ
ရီနေးဆန့် ဗိသုကာ
စိနဗေဒ ဗိသုကာ
နှစ်ဆယ်ရာစုရဲ့
မော်ဒန် ဗိသုကာ အတတ်နဲ့
ရင်သပ်ရှုမောဖွယ် တည်ဆောက်
နတ်ပြည်ခြောက်ထပ်ကို မဖြုံ
စပိန်ပုံစံ အိမ်ကလေးကို
အပိုဆု လက်ဆောင်ပေးမယ်
ရှင်မ ကြိုက်ရာ ရွေးချယ်ပါ
နှစ်သက်ရာမှာ စံစားပါ
အိပ်မက်ထဲမှာ အိမ်များစွာ …။

‘အိမ်’ …ဆိုတာ
အမိုး,အကာ, အခင်း
လေညင်းခံ ပြတင်းတံခါး
ခြံဝင်းနဲ့ ကားဂိုဒေါင်
အိမ်ခေါင်မှာ တီဗွီတိုင်
တတ်နိုင်သလောက် တည်ဆောက်
မိုးတိမ်ကို ဖောက်မလား (ရတယ်)
စက်လှေခါး တပ်မလား (ရတယ်)
လေအေးစက် ထားမလား (ရတယ်)
အပြောက်အမွမ်း ခြယ်မလား (ရတယ်)
ဂဲသြမေထရီပုံစံလား (ရတယ်)
အသံလုံစက် ထည့်မလား (ရတယ်)
အော်တိုဖုန်း လုပ်မှာလား (ရတယ်)
အုတ်နဲ့လား သံနဲ့လား
မှန်နဲ့လား ပလပ်စတစ်လား
သစ်နဲ့လား ၀ါးနဲ့လား
အားလုံးဖြစ်တယ် ရှိပါတယ်
သူ့မှာ မရှိတာ တစ်ခုက
ဗိသုကာ ပညာရှင်မဟုတ်
ဆောက်လုပ်ရေး အင်ဂျင်နီယာ မဟုတ်
ထုံး,ကျောက်,သံ,သဲ မဟုတ်
သွပ်,ဘိလပ်မြေ,အင်္ဂတေပြား မဟုတ်
ဆက်တီ, ဆိုဖာ, ကတ္တီပါ မဟုတ်
လျှပ်စစ်မီး ပန်ကာနဲ့
သံဆန်ကာလည်း မဟုတ်
ကန်သာယာနဲ့ ဥယျာဉ်ခြံမြေ မဟုတ်
ဗေဒင် ဟူးရား
ပုဏ္ဏား ပုရောဟိတ်တို့ရဲ့
အတိတ် နိမိတ် အယူအကောက်
အိမ်သစ်ဆောက် မင်္ဂလာ မဟုတ်
သူ…မရှာနိုင်တာ တစ်ခု
သူ…သူမပြုနိုင်တာ ဧကန်
သူ…မကြံနိုင်တဲ့ အလုပ်ကို
မျက်မှောင် မကြုတ်ပါနဲ့ကွယ်
ရှင်မ-နားလည်စေချင်တယ်။

ညောင်ရမ်းခေတ်သွင်းစာများ (၁၈)

on Sunday, January 2, 2011
ရာဇပလ္လင် ဥဂင်ဖွင့်ရန်အခါတော်ရပြီးကို သင့်မသင့် ပြန်၍ စစ်ဆေးပေးပါရန်။

ရေမြေရှင် လျှောက်သည့်ဆရာတော်-
သက္ကရာဇ် ၁၀၃၅-ခု၊ကဆုန်လပြည့် ၁-နွေနေ့၊နံက် ၄-ချက်တီးကျော် ၅-နာရီ ဥပတ် ၁၄-ဗီဇနာ၊ ပြိဿလက်တူ စည်းကြိုက်လျက် အတုလသီရိမဟာနန္ဒဒေ၀ီဟူသောရှင်မိဖုယားခေါင်ကြီးနှင့် ထီးနန်း ရာဇပလ္လင် ဥဂင်တော်ဖွင့်မည် အခါတော်ကြိုက်သည်၊ မိဿရာသီတွင် ၁-နွေဥုတ်ပြု၍ ရှိသည်၊ မေဓုံရာသီတွင် အင်္ဂါ ၆-ကြာရှည်သည်၊ တူရာသီတွင် ၅-တေး ၂-လာ ရှည်သည်၊ ကုံရာသီတွင် ရာဟုကောဇာ ကြိုက်သည်၊ မိန်ရာသီတွင် သောရာစနေ ဂြိုဟ်ရှိသည်၊ ထိုအခါတော်ပုံကို ရာဇသ၀န် ကြက်မောက်စား၊ စီးဖွါးစားတို့ပေးသည် ဆရာတော်ဘုရား အယူတော်ကို အယူတော်ကို စာသွင်းတော်မူပါ။ ။
(လိပ်ပြာကုန်းစား ကြခပ်စားတို့ကို စေတော်မူသည်။)

ကြားလိုက်သည်ကား---
မိဿတွင် ၁-နွေရပ်စည်၊၇-ရက်သော အစိုးရသော မင်းတို့အမှုမင်္ဂလာဆောင်လျှင်အောင်မည်။ ပြဿတွင် လက်နှင့်ဗုဒ္ဓဟူးဂြိုဟ်ရှည်သည်မှာလည်း ကောလီဓာတ် အိမ်ပိုင်မစ္ဆုံ၌ ကောလီတွင် ဂြိုဟ်ဖြစ်သော ဗုဒ္ဓဟူးတွင် ရှည်သည်၊ အလို ဆင်ကောင်း မြင်းကောင်းရောက်မည်၊ မေဓုံရာသီတွင် ၃-င်္ဂါ ၆-ကြာ နေသည်အရာလည်း ရေမြေရှင်နံတော် ၃-င်္ဂါဖြစ်သည်၊ မိတ်နှင့်အတူနေသည်၊ တတိုင်းတနိုင်ငံက သမီးကညာရတနာ အရောက်များမည်၊ တူရာသီတွင် ၅-တေး ၂-လာဂြိုဟ်အတူနေသည်၊အရာ၌လည်း ရေမြေရှင်ကြံတော်မမူသည် သုဘာသိတအမှုသည် အလိုလိုပြီးစီး၍ ခြေရင်းတော်သို့ လက်ဆောင်တော် ဆင်ဖြူဆင်ကောင်းရောက်မည်။

ကုံရာသီမှာ ကောဇာရာဟုအရာနေသည်မှာလည်း ပါမပထမဓာတ်၏ မစ္ဆုံအိမ်ပိုင်းဝယ်ပါပဓာတ်ဖြစ်သော ကောဇာရာဟုဝင်သည်မှာ ဆဒ္ဒန်အို်င် ဆဒ္ဒန်ဆင်မင်းနေသောဟိမ၀န္တာသို့ တပါးသတ္တ၀ါတို့ မချည်းဝံ့၊ ဆင်မင်း အာဏာတေဇာ ဇမ္ဗူဒီပါကျွန်းအလုံး၌ ကျော်စောစွာ ရှိသကဲ့သို့ ဖြစ်သည်၊ သောရာဂြိုဟ် မိန်ရာသီဝယ်နေသောအရာ၌ စနေသမီးနှင့် ဥဂင်ရွှင်ခြင်းသည် နေလတို့ တန်းခိုးနှင့်တူမည်ကိုရည်၍ ရာဇ၀န်စီးပွါးစား ကြက်မောက်စားတို့ အခါတော်ဆက်သည် အရာသည် သင့်တော့သည်။

ထီးရှစ်ပါးနှင့်၊ ယမားကျင်းပ၊ လောကထူးဆန်း၊ မင်းခေါင်တော်ဆောင်ဆိုသောစကားကို နှလုံးတော် သွင်းရမည်။ အနဂ္ဃဒါန်ထီးတော် ၂-စင်းကို ကောင်းသောရက် နက္ခတ်နှင့်ချုပ်စေတော့ ထီးလက် ၃၆၊ ထီးတောင် ၃၆၊ ထီးရိုး ၅င်္၂ိ၊ ထီးဝန်း ၅င်္၅ံ၊ ထီးချက်ပြော့၅ဆင့်၊ အ၀န်းလက်သန်းတောင်တွင် လေးသစ်တက်၊ တတောင် ၂-မိုက်၊ ထီးရိုးလုံးပတ် ၂-မိုက်လေးသစ်၊ ထီးချက်အမြင့်တတောင် ၂-မိုက်နှင့် ၂-သစ်၊ န၀ရတ်အပြည့်စီစေ။ ရွှေပုစွန်ခွန်မွမ်းစေ၊ ရွှေခြူညောင်ရွက်တပ်စေ။ ထီးရိုးမှာ ရွှေပုစွန်ခွန် ၇-ဆင့်၊ တဆင့်တွင် န၀ရပ် ၇-ရစ်စီစေ၊ အရွက်မှာ ပစ္စံပုဆိုးတို့မှတပါး ထီးမျိုး ၁၁-ခင်းစီရင်။

လွှတ်ဦးသဘင်မှာ ဥဂင်တွင်းတော်မြေနန်းမှာ သံရောက်လျှင်ထွက်၍ စကားပြောခံသောအရာဖြစ်သည်။ သံတို့နှင့်စကားပြောသောအခါ မိဖုရားခေါင်နှင်မဖွင့်သာ၊ အလပ်မိဖုရားတို့တွင် သဒ္ဓါရာခေါ်၍ တက်စေတော့၊ ဗြဲတိုက်ထွက်သောခါ ကိုယ်လုပ်တော်ကြီးကို မိဖုရားမည်ပေး၍ထွက်တော့၊ နောက်ပွဲတက်ဆောင်မှာ စံလျှင် အပျိုတော်တို့တွင် သဒ္ဓါသူကို ဖွဲ့တပ်၍တက်စေတော့ သင့်၏။ ဥဂင်တော်လွှတ်မှာ ဖွင့်သည်။ နောက်ဗြဲတိုက်ထွက်တော်မူ၊ ဗြဲတိုက်ထွက်၍ ၇-ရက်မြောက်လျှင် လွှတ်ထွက်တော်မူ၊ လွှတ်၍ ၇-ရက်မြောက်လျှင် မြို့လည်တော်မူ၊ မင်းခန်းတော်များကို ဆင်တင်ရွှေရေးဗောင်နှင့် ထမ်းစင်ထက်မှာ တင်၍လိုက်စေ။ ထီးဖြူတော်များမှာ မြင်းရထားတော်မှာ ဖွင့်စေ၊ ရထားနောက် ကိုယ်တော်ဝေါပြဿဒ် စီးတော်မူသောအခါ အတုလမဟာနန္ဒာဒေ၀ီဟူသော မိဖုရားခေါင်နှင့်စီးတော်မူ၊ တခြားမိဖုရားများမှာ ဦး ၂-ဖက်ဖောင်ပျံနှင့်လိုက်စေ၊ ရတနာထမ်းစင် ခင်းစေ။ ဆင်တင်နန်းမောင်းတော် ထီးဖြူဖွင့်၍ ရှေ့တော်ကလိုက်စေ။ ထွက်တော်မူကြီးစီရင်တော်မူရချိမ့်မည်။ တိုင်း ခရိုင် နိုင်ငံတို့ကို အမိန့်တော် အမှာတော်ပေးအပ်စေ။

လွှတ်ဦးသဘင် လက်ဝဲ လက်ယာ စီးတော်ရက်တော်နန်းပေါင်းနှင့်တောင်က ဆင်ဦးကင်းမြောံက ဆင်ဦးကင်းထား၍ ဆင်တော်သည်စီရင်၍ ကျင်းစေ။ ၀င်းခင်းရာမှာ ၁၂-ထပ် လေး သ္နေတ် စိန်ပြောင်း ရွှေလှန်ရွှေဒိုင်း ရွှေလန်ရွှေကာ ရွှေလှန်ရွှေလွှား လေးစု ဒိုင်းစု ၅ိကောင်တန်၊ ကိုယ်ရံ(ဓား)နက်ပလာဆင်၊ ၀င်းဆင်၊ ရွှေဆင်၊ အမြောက်ရှိမြင်မဲလ္နက်ကြိယာနှင့် ကျင့်ပစေ။ အတွင်းကို အစေးရှိသော သစ်ပင် သစ်သီးမျိုးနှင့်စိုက်စေ၊ ငှက်ပျောပင် ကြန်ပင်စိုက်စေ၊ ဗြဟ္မာဆိုင်းအတီး ၄၀၊ အက ၈၀၊ မွန်ဆိုင်း အတီး ၁၀၊ အက ၂၀၊ ယိုးဒယားဆိုင်း အတီး အက၊ ရခိုင်ဆိုင်း အတီး အက၊ တရုပ်အတီး အက၊ ရှမ်း အတီး အက၊ တရက် အတီး အက၊ လင်းဇင်း အတီး အက၊ သက်ကသည်း အတီး အက၊ ကုလားအတီး အက၊ ဗြဟ္မာကြီး အတီး အကမှစ၍ တရာတယောက်သောလူမျိုးတို့ အတီးအကတို့နှင့် သဘင်ခံတော်မူ။

စံရာတံခါးတောင်ကုန်းရိုးစပ်တွင် ဗြဟ္မာကန္နားတန်ဆောင်း၊ တလိုင်းကန္နား ဒ၀ယ်တန်းလျားဆောက်၍ တရာတယောက်သောလူမျိုးတို့ နတ်ကိုကစေ။ စစ်ကိုင်း တန်တားဦး ပန်းရက နတ်ရေစင် တရာတယောက်ကသော သဘင်သို့ပို့စေ။ အ၀ရွှေပြည်စိုးက အ၀အသည် ၅-ယောက်တို့နှင့် ဒိုင်းခေါင်း ၂-တို့ကို သဘင်တော်မှာနေ၍ ရေစင်ပေးစေ။ အလုံးစုံပြေလျှင် ရေစင်မြူတာများကို ဖက်စိန်းကတော့ဖုံး၍ ရွှေပြည်စိုးအသည် ၅၊ ဒိုင်းခေါင်း ၂၊ နတ်ဆော်တို့ကို အနောက်ရုံးသို့တင်စေ။ မြူတာအိုးမဟာဂီရိနှင့် ၅-လုံး အနောက်ဝန်တို့က အတွင်းတော်သို့သွင်းမြဲသွင်းစေ။

နတ်ဆုစပါး ၁၀၀၊ ကြေး ၁၀၀၊ ငွေ ၁ါ၊ ခါသာအုပ် ၅၊ နတ်နေအတီးအကတို့ကို ပေးရမည်။ အတင်တော်မှာ ပုဆိုးနားပါ၊ ပလာအင်္ကျံဖြူထူပါ၊ ရွှေပန်းခိုင် ငွေပန်းခိုင်၊ အမွှေးရည်ရွှေမြူတာနှင့်၊ နှင်းရည်ငွေမြူတာနှင့် ပုဇ္ဇော်တော်ပွဲရွှေကလာပ် ငွေကလာပ်နီနှင့်၊ အမိန့်တော်ပြန်ရန် ယွန်းပေါင်ပုရပိုက်နှင့် နတ်ဆုတောင်းတော် စာတန်းရွက်တွင် တဖက် ၃-ကြောင်းရေး၊ အဆောင်မြဲအမိန့်တော်ပြန် ၁၊ နတ်ဆုတောင်းတော်အဖတ် ၁၊ သွောံစုမြင်းတော်သည် အကြပ်အမခန့်၊ ၀န်ထောက် ၁၊ စာရေးကြီး ၁၊ နတ်ဆော် ၁-တို့ကို ကြပ်မ၍ နတ်သဘင် ၃-ရက်ခံစေ။ အတီးအကတို့ကို ပွဲစား တည်စား ဆိပ်စားတို့က ကျွေးစေ။ ယိုးတယားနတ် လင်းဇင်းနတ်မှာ လက်ရှိစည်ဖြူ ၅၊ ပုံသာ ၁၊ နှဲကြီးငယ် ၃၊ ခရာ ၂၊ စည်ပလုပ် လင်ခွင်းအစုံ၊ တီးလူ ဗောင်းချွန်းပေါင်းစေတော့။ ရှေးမဇ္ဈိမတိုက် မင်းတို့ဥဂင်ဖွင့်သောနည်းအတိုင်းစီရင်မှ အကျိုးတော်ရှိမည် မဟာဓမ္မရာဇ်။ ။

(သက္ကရာဇ် ၁၀၃၄-ခု၊ တခူးလ္ဆန်း ၃-ရက်နေ့၊ နာခံပျော့ကြီးမှူးလွှတ်တွင်ပြန်သည့်အမိန့်တော်။ ဘုံစံဝတီဟူသော မြောက်နန်းကျောင်းပထမဆရာတော်ကို မေးလျှောက်ရာတွင်သွင်းသည်။ ။)



ညောင်ရမ်းခေတ်သွင်းစာများ (၁၇)

on Saturday, January 1, 2011
ကျောက်ဆည်စသည့်ဆည်မြောင်းတို့ကို အနော်ရထာစောလက်ထက် မတိုင်ခင်ကပင် ဆည်ဖို့ခြင်းရှိ မရှိ သိလိုပါသည်။ ။

ရေမြေရှင်လျှောက်သည်ဆရာတော်---
အလ္လကပ္ပတောင်ခြေရင်းဝယ် တည်သောကျောက်ဆည်တော်သည် ပုဂံဘေးလောင်းတော် အနော်ရထာ မင်းဇောလက်ထက်တွင်မှ ဖြစ်သလော၊ ရှေးလည်းဖြစ်ဘူးသော ရှေးဖြစ်ဖူးသောအရာဝယ် အဘယ်မည်သောမင်းတို့ ဆည်သနည်း။ ကျောက်ဆည်တော်သည် ရတနာပူရ၊ ဇယပူရစသော အရပ်ရပ်မြို့ရွာတို့၌နေကုန်သော သတ္တ၀ါတို့မျိုးရိက္ခာဖြစ်ပေသည်။ ကျောက်ဆည်ရေသောံလုပ်သမျှ စပါးသည် မင်းကောင်းမင်းလောင်းပေါ်ထွန်းသမျှပင် အသုံးအဆောင်ဖြစ်၍ ပကတူမူလအစာမြတ်ဖြစ်သည်။ ကျောက်ဆည်တော်ကဲ့သို့ရှာသော် မတ္တရာမြို့ကို တည်သော ဟံသာနဂရပြည်ကရောက်သော အမတ်တရာတို့တွင် အကြီးဖြစ်သောဥဂ္ဂသေနဓမ္မရာဇာခံတော်မူသော မတ္တရာမြို့တည်မင်းဆည်သော ကျောက်ဆည်လည်း အရှေ့ဘက်တိုက်မှစ၍ အရပ်ရပ်ကပင်အစာဖြစ်၍ မျိုးရိက္ခာအထောက်အကူဖြစ်သည်။ တောင်ဘက်ကျောက်ဆည်တော်တည်စ ဖြစ်စကို သိသာအောင် မိန့်တော်မူပါဆရာတော်။ ။

(တောင်ပြုန်းစား၊ ထီးပေါင်းကားစားတို့ကို စေတော်မူသည်။)

မှာလိုက်သည်ကား ---
တောက်ဘက်ကျောက်ဆည်သည် ဧရာဝတီ၊ ဆင်ခေါင်း၊ ငါးခရိုင်၊ ပန်းလောင်၊ စမုံဟူသောအမည် ၅-ပါး ဖြစ်သောအရာသည် ကမ္ဘာပေါ်စ ကမ္ဘာဦးသူ ကမ္ဘာဦးသားတို့ အစည်စကားတည်း။ စန္ဒစက္ကပဗ္ဗတ တောင်ကိုရံသော ရှေ့ကျွဲနဖားတောင်၊ နောက်စကြာတောင်၊ မြောက်မင်းဝံတောင်၊ တောင်ကား အလ္လကပ္ပဟူ၍ ရံသော တောင်ကားလေးလုံးတည်း။ တို့ဘုရားလောင်းနေမိမင်းကြီးသည် ရေမြေရှင်စံသော သန်လျက်ခုံထက် မိတ္ထိလာပြည်ဖြစ်၍ ထီးနန်းကနက်စိုက်ဆောက်၍ ရာဇပလ္လင်ဥကင်စံ၍ ဘိသိက်ခံတော် မူသောအခါ ရတော်မူသောစကြာကိုထားသော တောင်တည်း။

မြင့်မိုရ်တောင်ထိပ် တာဝတိံသာနတ်ပြည်ကသကြားမင်းသည် မာတလိနတ်သားကို ဝေဇယန္တာရထားဖြင့် စေ၍ ဆောင်သောအခါ ရှေ့လောကဓာတ်မှနေနှင့်ပြိုင်၍လာသောအခါ ပြဿဒ်နှစ်ဆူပေါ်လှာ၏၊ ဟူ၍ဆိုသောစကားသည် ထင်ရှားစွာရှိသည်။ နီးသောအရာသို့ရောက်မှ နေ၀န်းကိုမြင်သည်။ ဝေဇယန္တာပြဿဒ်ပါသောရထားကို မာတလိနတ်သားနှင်၍ နေမိမင်းကြီးနန်းတော်၊ တောင်လေသာ၊ မြောက်လေသာတွင် ပိတင်း၌ရှည်သည်။ နေမိမင်းကြီးလည်း မြောက်တိုက်တော်က ဝေဇယန္တရထားသို့ တက်၍ စံတော်မူသည်။ မိတ္ထိလာပြည်၌နေမိမင်းကသည် ဘိသိက်ရွှင်ကုန်၍ မင်းအဖြစ်သို့ရောက်ကုန်သော အစိုးရသော ဓမ္မရာဇာတို့ကား ရှစ်သောင်းလေးထောင်၊ ကလာဇကမင်းကစ၍ မင်းတို့ကား ရှစ်သောင်း လေးထောင်၊ သာဂရမင်းကစ၍ မင်းတို့ကား ရှစ်သောင်းလေးထောင်သောမင်းတို့နေရာတည်း။

ဤသံလျက်ခုံထက် ထီးနန်းပေါ်ထွန်း၍ မြို့နန်းတည်ထောင်သမျှမင်းတို့သည် ကျေက်ဆည်တော်ကို ပြုစုကုန်သည်သာတည်း။ ပုဂံအနော်ရထာမင်းဇောကား ပုပ္ပားစောရဟန်းဖြိုသော ကောဇာသက္ကရာဇ် နောက် ၃၄၆-ခုရောက်မှမင်းဖြစ်သည်။ ဂန္ဓာရတိုင်းသို့ဘုရားသခင်စွယ်တော်ကို ပင့်မည်၊ ကြည့်တပ် ရေတပ်နှင့် သက္ကရာဇ်တို ၄၁၉-ခု ပြာသိုလပြည့်ကျော် ၄-ရက်နေ့ ပုဂံပြည်ကချီသွား၍ အပြန်တွင်မှ ကျောက်ဆည်တော်နှင့် နွားတက်ဆည်၊ ကွမ်းဆေးဆည်၊ ကျီးမည်းဆည်၊ သင်းတွဲဆည်၊ ငနိုင်သင်းဆည်၊ ငါးရပ်ကိုဆည်သည်။ ရတနာပူရမြို့ကိုတည်သောသတိုးမင်းဖျားလည်း ငပြောင်ဆည်ကိုတက်သည်။ မင်းကြီးစွာစော်ကဲလည်း ဆီးတောဆည်ကိုတက်စေသည်။ ကျောက်ဆည် မတ္တရာဆည်သည် တမ္ပဒီပတိုင်းစသော အညာတပြင်၊ မြောက်တပြင်၊ တောင်တပြင်နေကုန်သောသတ္တ၀ါတို့ မျိုးစေ့ရိက္ခာ ထောက်ဖြစ်သည်။ အောင်ပင်လယ်ကန်ကိုလည်း သံသယပူရ၊ ၀ိဇယာပူရ၊ ရတနာပူရ၊ ပေါက္ကာရာမ၊ မဟာပရမစသောမင်းတို့လက်ထက် မြို့နန်းတည်ထောင်ပြုစုသမျှ ဓမ္မရာဇာတို့သည် ကန်တော် တက်ကုန်သည်သာတည်း။

မတ္တရာမြို့သည် ဥဂ္ဂသေနဓမ္မရာဇာဟူသောမင်းကလေးသည် ဆေးတန်းတောင်၊ ရွှေတောင် ငွေတောင်ထိပ်မှာ သီလသတင်းဆောက်တည်ရန်နေသည်ကိုတည်း စာတွေ့၏။ မင်းကလေးတောင် ဆိုသည်ကို ရေမြေရှင်ဘေးတော် ဘိုးတော်မက တောင်ငူ၊ တောင်တွင်း၊ ရမည်းသင်း၊ ပဲကူး၊ မုတ္တမ၊ ကလေး၊ သောင်သွပ်၊ ရှမ်းတလွှားကပင် မန္ဒတောင်ခေါ်ဝေါ်ကုန်သည်။ ကြက်ရက်တောင်ကား မန္ဒာဂီရိ၊ မင်းဝံတောင်ကား ဘ၀ါးဦးတောင်၊ ချမ်းသာကြီးတောင်ကား ရတနာပင်စည်၊ ငတုတ်ခဲတောင်၊ တောင်တလုံး၊ ခါပျိုတောင်သန်၊ မင်ဘန်းတောင်၊ ငါးကြင်းသုံးကောင်၊ အလ္လကပ္ပရှင်ရသေ့တောင်၊ ဥဒိန်မင်းစောနေသည် ဆင်တောင်လှ၏-ဆိုသောစကားကို ယ္ခုသင်တောင်း တွင်သည်။

ဖားဖိုသေ၍ ဖားမကြောတွင်ပိုး၍ရသောအရပ်ကို ဖားလင်ပိုးတွင်သည်။ ကြက်ခြေကို ကျီးချီသောအရပ်ကို ကျီးမည်းတွင်သည်။ အနော်ရထာမင်းဇောလက်ထက် ကွမ်းဆေးသောအရပ်ကို ယ္ခု ကွမ်းဆေးတွင်သည်။ ကျောက်ဆည်တော်မှာ ကာလရှည်လျား၍ပျက်လျှင် ဆက်၍ဆည်သည်။ မြို့နန်းပျက်၍ မြို့နန်းတည်ထောင် ဆောက်နေသမျှ မင်းတို့သည် ဆည်မြဲဖြစ်သောအစည်စကားများလည်းရှိသည်။ မဇ္ဈိမဒေသ ပါဒလိပုပ္ပက သီရိဓမ္မာသောကမင်းလည်း ဆည်သည်။ စေတုတ္တရာ၊ မိတ္ထိလာ၊ တက္ကသိုလ်မင်းတို့သည် မဇ္ဈိမဒေသက လာ၍ ဆည်သည်များကို စာဟောင်းတွေ့ဘူး၏ မဟာဓမ္မရာဇ်။ ။

(သက္ကရာဇ် ၁၀၁၁-ခု၊ နယုန်လ္ဆန်း ၇-ရက်နေ့၊ စစ်ကိုင်းတောင်ဖီလာပုဂ္ဂိုလ်ကျော်သည် သာလွန်မင်းတရား သားတော် ၅-ထပ်ဒါယကာမေးသော အမေးတော်ကိုဖြေ၍ သိသာရုံသွင်းသည့်စာ။ ။)