ရွှေစည်းခုံခြေတော်ရင်းဆီက...(၃)

on Saturday, November 13, 2010
ထီးတော်လဲပြို စေတီအိုရယ်…
တစ်ကိုယ်ငြိမ်သက် လှည်းအိမ်ပျက်လေးရယ်…
ဝေးပြယ်ကျန်ရစ်
ဟို ဆယ့်တစ်ရာစုခေတ်က
အနိရုဒ္ဓ ဒေ၀ရဲ့ဝိညာဉ်ကို
သိလျှင် ပြောကြပါလေ။

ထီးလှိုင်ရှင် ကျန်စစ်သားရဲ့
အာနန္ဒာ ဂူဘုရား
အလောင်းစည်သူ တည်ထားတဲ့
သဗ္ဗညု ဂူဘုရား
နရပတိစည်သူရဲ့ ကောင်းမှု
ကန်တော့ပလ္လင်ရဲ့ ရှုခင်း
အနှစ်တစ်ထောင် ချဉ်းပေမယ့်
ရင်တွင်းသန့်အေး၊ ဆွတ်ပျံ့မွှေးဆဲ
အဝေးကမှန်း၊ ဆွေးလျလွမ်းဆဲ
စိတ်ဝမ်းပီတိ၊  ဂွမ်းဆီထိဆဲ
သတိသံဝေ၊ ဉာဏ်နှင့်ဖြေဆဲ
ပဒေသရာဇ်၊ မာန်မယစ်တဲ့
 ပုဂံခေတ်က…
ကျန်စစ်ရဲ့ သမိုင်း
ဘယ်သူနဲ့ တုနှိုင်းမလဲ
တိုင်းပြည်ရဲ့ ကျီထဲမှာ
ပြည့်ဝမ်းစာ ဆန်စပါး
အလျှံပယ် ထားရှိသူ
အမိရင်ခွင်က သားအသွင်
ပြည်သူကို သနားကြင်နာသူ
ညင်သာတဲ့ လက်ဝဲလက်ဖြင့်
ပြည်သူအတွက် အ၀တ်ပုဆိုး
အဖိုးတန် အဆင်တန်ဆာ ပေးအပ်သူ
မြင့်မြတ်တဲ့ လက်ယာလက်ဖြင့်
ပြည်သူအတွက် ဆန်စပါး
စားသောက်ဖွယ်ရာများ စွန့်ကြဲသူ
မြဲမြံတဲ့ ယုံကြည်မှုဖြင့်
မွန်-မြန်မာ စည်းရုံးရေး ပြုလုပ်သူ
စည်းစိမ်ဥစ္စာ မင်းအာဏာကို
အာသာရမ္မက် မဖြစ်
ပုဂံခေတ်ကို ဉာဏ်သစ်လောင်းခဲ့သူ
သမ္ဘူလရဲ့ ဘ၀သခင်
ရာဇကုမာရ်ရဲ့ ဖခင်
ကျန်စစ်ဘုရင် အကြောင်းကို
ပြန်ပြောင်းအောက်မေ့
ဟိုရှေ့က, သစ်ပင်ကြီးအောက်မှာ
စက်ဘီးကိုယ်စီနဲ့
ကျောင်းချိန်အမီ လာကြတဲ့
ပုဂံသူ ဆရာမလေးတွေ
တွေးနေ…ငေးနေ…ဆွေးနေသယောင်။

0 comments:

Post a Comment