ရွှေစည်းခုံခြေတော်ရင်းဆီက...(၁)

on Friday, November 12, 2010
 
(ပုဂံမြို့ဟောင်းတွင် ကြည်ညိုစရာ၊ ကြည်နူးစရာများပါပေသည်။ ကြည်ညိုစရာ ဆိုသည်မှာ သပ္ပာယ်လှသော ရှေးဟောင်းဘုရားစေတီများဖြစ်၍ ကြည်နူးစရာဆိုသည်မှာ နိုင်ငံသစ်တည်ခဲ့သော ရှေးခေတ်ပုဂံသားတို့ ဖြစ်သည်။ ကြည်ညိုစရာကို ဖူး၍ ကြည်နူးစရာကို တွေးရသည်မှာ ဖူး၍၊ တွေး၍ ကုန်နိုင်ပါတော့မည်လားဟု ကျွန်တော်တွေးမိသည်။ ဆရာဇော်ဂျီ၊ “ပုဂံမြို့ဟောင်းနှင့်ကျွန်တော်” ၊ ကံ့ကော်မြိုင်စာတန်း= ၁၉၆၅-မှ)
ပုဂံပြည်ရဲ့
ဧရာဝတီမြစ်ကမ်းပါးမှာ
ခမ်းနားစွာတည်နေပုံဟာ
ရွှေစည်းခုံစေတီတဲ့လေ
ပြည်သူတို့ရဲ့ နှလုံးသား
နိုင်ငံတော်ရဲ့ ခွန်အား
ရှင်အရဟံရဲ့ သဒ္ဓါတရား
အနော်ရထာနဲ့ ကျန်စစ်သား
မင်းနှစ်ပါးရဲ့စိတ်ဓာတ်
သည်ဘုရားမှာ အရိပ်ဟပ်နေတယ်
ဘုရားပရိဝုဏ် ခြေတော်ရင်း
ပြကွင်းပြရုပ် မုခ်လေးမုခ်မှာ
ခြင်္သေ့ရုပ် နှစ်ကောင်စီ အစောင့်ထား
မကြောက်တရားရဲ့သင်္ကေတ
ရဲလျှင် ထွက်ခဲ့ကြဟေ့“…လို့
ကြွေ့ကြွေ့ဟုန်းဟုန်း
ကြုံးဝါးနေဟန်
ပုဂံရဲ့ အနုပညာ
ပုဂံရဲ့ ဗိသုကာ
ပုဂံရဲ့ ပန်းရန်ပျံအတတ်
ပုဂံရဲ့ ကြံ့ခိုင်မြင့်မြတ်မှု
ဘယ်သူပြိုင်လို့ တုနိုင်မလဲ။
ပထမ မြန်မာနိုင်ငံတော်ကို
ဉာဏ်သစ်နဲ့ စည်းရုံး
လက်ရုံးနဲ့ တည်ဆောက်ခဲ့သူ
ပြည်သူကို အရေးထားပြီး
သွေးသားလို လေးစားခဲ့သူ
သည်ဇမ္ဗူ တစ်လူရှားပါဘိ
ယောက်ျားကောင်း ပီသခဲ့သူ
ဝမ်းလည်းဝ, ဉာဏ်လည်းထက်တဲ့
ပုဂံရဲ့ အသက်သွေးခဲ
ပုဂံရဲ့ အသည်းနှလုံးဖြစ်ခဲ့သူ
ပညာရှင်ကို ချစ်ခင်
အသစ်ထွင်သူကို ချီးမြှောက်
ဒုက္ခရောက်သူ ခပ်သိမ်းကို
ငြိမ်းချမ်း ရွှင်ပြုံးစေခဲ့သူ
နန်းစံသက် အနှစ်သုံးဆယ်မှာ
အလွယ်နဲ့ အခက်
အဖျက်နဲ့ အပြု၊ အနုနဲ့ အကြမ်း
အလွမ်းနဲ့ အပျော်ကို
တွေးခေါ်ဆင်ခြင်
အမြော်အမြင် ကြီးခဲ့သူ
ပြည်သူပြုံးလျှင် သူ့အပြုံး
ပြည်သူရှုံးလျှင် သူ့အရှုံး
ပြည်သူ့အဆိုး သူ့အဆိုး
ပြည်သူ့အကျိုး သူ့အကျိုးလို့
ရိုးသားစွာ ယုံကြည်ခဲ့သူ
ရွှေစည်းခုံ စေတီ ဒါယကာ
ထေရ၀ါဒ သာသနာ့ ဒါယကာ
အိုဘယ့်အနော်ရထာ။
(၁၉၉၂၊ အောက်တိုဘာလ၊ မြန်မာ့ဓနမဂ္ဂဇင်းတွင် ဖေါ်ပြခဲ့ဖူးသော ကဗျာဆရာမောင်ခိုင်မာ၏ရှင်မရေ ကဗျာရှည်ကြီးထဲမှ ကူးယူဝေငှလိုက်ခြင်းဖြစ်ပါသည်။)

0 comments:

Post a Comment