ရေမြေ့ရှင်လျှောက်သည်ဆရာတော်---
အကျွန်းကျွန်း၌ နေကုန်သောကုန်သည်တို့သည် သင်းဘောကူး၍ တကာတော်နိုင်ငံအစွန်းဖြစ်သော တရိယင်္ဂဒီပသို့ သင်းဘောဆိုက်သည်။ တရိယင်္ဂဒီပသင်းဘောဆိပ်သည် ထင်ရှားစွာ ဘယ်ကာလက ဖြစ်သနည်း။ ဘေးတော်သတိုးမင်းဖျားကသည် ၁၉-ဆက်သောမင်းတို့ လက်ထက်တော်၌ ဖြစ်သလော၊ တရိယင်္ဂဒီပဟူသောအမည်သည် အဘယ်ကာလကပင်တွင်သနည်း။ တရိယင်္ဂဒီပအကြောင်းကို သိသာအောင် စာသွင်းတော်မူပါဆရာတော်။ ။
Show/Hide
မှာလိုက်သည်ကား---
တရိယင်္ဂဆိပ်သည် မဇ္ဈိမဒေသအ၀င်မဟုတ်။ မဇ္ဈိမဒေသအ၀င်ကား အရှေ့ဂဇင်္ဂလအမည်ရှိသောနိဂုမ်း၊ အနောက်ဓုန္နမည်သောပုံဏားရွာ၊ မြောက်ဦသိရဒ္ဓဇ၊ တောင်ဒက္ခိဏ။ သလ္လာဝတီအမည်ရှိသော ချင်းတွင်းမြစ်၌ အင်ကြင်းပင်ကြီးဟူ၍ ကျမ်းဆိုသည်။ သမုဒ္ဒရာသည်ကား တ၀တည်း။ အမြို့မြို့သည်ကား အနားသို့ချည်း နေကုန်၏။ နောက်နောက်မြေပြင်ဝယ် နေကုန်၏။ မဇ္ဈိမဒေသဆိပ်ကား ၅၆-ဆိပ်ရှိ၏။ မြို့လည်း ကိုးသန်း၊ ကျေးလည်း ကိုးသိန်းဖြစ်သည်။ တရိယင်္ဂဆိပ်မှာ ဆိပ်ငယ်ဖြစ်သည်။ ဂန္ဓာရတိုင်း အစရှိသော အတိုင်းတိုင်းတို့၌ ၁၆-ရပ်၊ ပြည်ကြီး ၁၉-ပြည်တို့၌ ဆိပ် ၁၉-ရပ်နှင့် မကင်းမလွတ်ရှိကုန်သည်။ တရိယင်္ဂဒီပဆိပ်သည်ကား ဘုရားသိခင်ဆံတော်ဓာတ်ရောက်သောခါ တဖုဿ၊ ဘလ္လိကကုန်သည်ညီနောင်တို့စ၍ သင်းဘောဆိုက်သောအရာဖြစ်၍ တရိဂုမ္ဘမြို့၊ ရာမည၊ သုသိမနဂရ၊ သုဓမ္မ၀တီမြို့၊ ကရန္န၀တီမြို့၊ ကိဉ္စိပူရမြို့၊ အမြို့မြို့အရွာရွာက အရောင်းအ၀ယ်ကုံစလယ်ပြုသောဆိပ် ဖြစ်သည်။
မဟာဗောဓိမဏ္ဍိုင်၏ မြောက်ရာဇဂဟပြည်၊ ဝေသာလီပြည်၊ အရှေ့မြောက် ပါဒလိပုပ္ဗပူရပြည်၊ ပါဝါပြည်၊ အရှေ့စေတုတ္တရာပြည်၊ မတ္ထိလာပြည်၊ အရှေ့တောင်တက္ကသိုလ်ပြည်၊ သံသုမာရဂီရိပြည်များကသာ ကုလားတို့ သင်းဘောကုံနှင့်ရောက်သည်။ တောင် အနောက်တောင်ထောင့်၊ အနောက် အနောက်မြောက် ထောင့်ပြည်များက တရိယင်္ဂဒီပသို့မရောက်ချေ။ ပါဒလိပုပ္ဗပူရပြည်ကိုအစိုးရသော သီရိဓမ္မာသောကမင်းနှင့် သီဟိုဠ်ပြည်ကိုအစိုးရသော ဒေ၀ါနံပီယတိဿမင်းသည် အဒိဋ္ဌသဟာယကဖြစ်ကြ၍ မဟာမိတ် အထက္ခာရီပြု၍ သီဟိုဠ်ကသင်းဘောကူး၍ရောက်လျှင်၊ တရိယင်္ဂဒီပမှာဆိုက်၍ ပါဒလိပုပ္ဗပူရပြည်ကို တက်သည်။ (၇)ရက် ရောက်သည်၊ ကျမ်းဂန်ဆိုသည်။ သီဟိုဠ်ကျွန်းနှင့် တရိယင်္ဂဆိပ်သည် ၇-ရက်ကွာသည်ကို သိရသည်။ အစ၌ ဆိပ်ဖြူစသည် ကုလားတို့နေ၍ အရောင်းအ၀ယ်ပြုသည်။
နောက်တရိယင်္ဂဒီပမြို့ကို ကုလားတို့သင်္ဘောကူး၍ မြို့တည်မည်လာသောအခါ မွန်တို့ညာဏ်ထောက်၍ စီရင်နှင့်သောကြောင့် ကုလားတို့အပိုင်မတည်ရ၊ မွန်တို့ကပေးမှ တည်ရသောအကြောင်းများကိုလည်း ဆိုချေသည်။ ကုလားတို့ကတည်ရချေလျှင် ပိုင်မည်။ သင်္ဘောကူး၍ သီဟိုဠ်ကပိုင်သောအချက်သည် ဇမ္ဗူဒီပါတိုင်းဖြစ်မည်။ ဆိုထုံးကျမည်ကို သကြားစတုလောကပါလာတို့ပင် မြစ်ထာ၍ မွန်တို့က ကုလားတို့ကို ကန့်ကွက်တားမြစ်ရသော အရာရောက်သည်။
ဇမ္ဗူဒီပါကျွန်းကား ကျွန်းကြီးလေးကျွန်းအ၀င်ဖြစ်မည်။ သီဟိုဠ်ကျွန်းကား ကျွန်းငယ်ငါးရာအ၀င်တွင်မှ ဇမ္ဗူဒီပါကျွန်းကြီး အရံအကာကျွန်းငယ်ဖြစ်သည်။ လာလတ္တံ့သော ထီးဆောင်းပြည်ထောင် နန်းနေမင်းတို့လက်ထက် တိုင် သမုဒ္ဒရာတဖက်ကသည် တဖက်သို့ကူး၍ မြို့တည်ရဘူးသည်၊ အစည်စကားဖြစ်မည်ကို မဖြစ်ရ။ မွန်မင်းတို့ကပင်ညာဏ်လောင်း၍ မြစ်တားရာတွင်မှ ကုလားတို့ကတောင်းလျှင် မွန်တို့ကပေးမှ တည်ရသည်များကို ထင်ရှားလို၍ မြန်မာဥစွန်းထွန်းရာ အ၀င်အပါ မင်္ဂလာသင်္ဘောဆိပ်ဖြစ်၍၊ တရိယင်္ဂဒီပအမည်ရှိသည့် အတိုင်းသာတွင်သည်။ အသစ်ပြု၍ မသမုတ်ချေ။ အမည်တွင်ထပ်၍တွင်သည်ကား သန်လျင်ကိုသန်လျင်ကင်းသာ တွင်သည်များကို နှလုံးသွင်းအပ်သည် မဟာဓမ္မရာဇ် ။ ။
(သက္ကရာဇ် ၉၇၀၊ ညောင်ရန်းမင်း သားတော်ဓမ္မရာဇာဓိပတိမင်းမြတ်သည် အနန္တဓဇဆရာတော်ကိုမေး၍ ဆရာတော်ကသွင်းသည့်စာတန်း)

0 comments:
Post a Comment