ရေမြေ့ရှင်လျှောက်သည်ဆရာတော် ---
သီဟိုဠ်ပြည်ကိုအစိုးရသော မဟာဥဂ္ဂဓမ္မရာဇာမင်း မရှိနောက် သားတော်သြရသဓမ္မရာမ၊ သည်အောက် ဓမ္မသုန္ဒ၊ သည်အောက် ဓမ္မဒိန္န၊ သည်အောက် ဓမ္မဓရဟူ၍ လေးယောက်သောသားတော်တို့တွင် အကြီးအား ပြည်စည်းစိမ်ကိုပေးသည်ကို အကြီးဖြစ်သော ဓမ္မရာမမင်းသားက ညီတော်ဓမ္မသုန္ဒအား နန်းတက်ပါစေ။ ကျွန်ုပ်မူကား ကလိင်္ဂရာဇ်ကရောက်သော စွယ်တော်မြတ်တို့ကို ကိုးကွယ်၍ ဒေသစာရီလည်ပါမည်ဆိုလျှင် ကိုးကွယ်ပါတော့အပ်၏။ ဓမ္မသုန္ဒမင်းသားကို နန်းတင်ကုန်၏။ နောင်တော်ဓမ္မရာမမင်းသားသည် သီဟိုဠ် ကျွန်းတွင် ဒေသစာရီလည်၍ မိစ္ဆာဒိဋ္ဌိအယူကိုစွဲသော ဇောတိတမပြည်သို့ရောက်၏။ စွယ်တော်မြတ် တန်ခိုးတော်ကြောင့် မဆိတ်မတိတ် စည်ပင်စွာရှိ၏။ တယောက်သောအိမ်နီးခြင်း မိုက်မဲသောလူက မင်းသို့ကြားရာတွင် မင်းရင်ပြင်သို့ခေါ်၍ နှိပ်စက်သည်။ ဓမ္မရာမမင်းသားကလည်း သီဟိုဠ်မင်းဖြစ်ကြောင်းကို ဆိုသော်လည်း စွယ်တော်မြတ်ကိုသာ လူရိုးဆို၍ မြှုပ်ထားရသည်အရာများကို ရာဇပုံ ရာဇထုံးများတွင် မှတ်စုမှတ်သားတို့ကို တွေ့သည်။ သိသာအောင်ဆရာတော်က သွင်းတော်မူပါဆရာတော် ။ ။
(အနုရုဒ္ဓါဆရာတော်ကျောင်းသို့ သာဝတ္ထိစား၊ မုန်လှစားတို့ကိုစေတော်မူသည်။)Show/Hide
မှာလိုက်သည်ကား --
ရေမြေ့ရှင်တွေ့သည့်အတိုင်းပင် ကျမ်းဂန်လာသည်။ တမောတမအရပ် ကုလားပုဗ္ဗပြည်ကို အစိုးရသော မင်းသည် ယုတ်သောသူတို့နှင့် ပေါင်းရှက်၍ စွယ်တော်မြတ်ကို လူရိုးဆိုသည်တချက်၊ အတောင်၂၀-တူးစေ၍ မြေမှာထားသည်တချက်၊ ရှားတုန်းတို့ကို စုစေ၍ မီးခဲလျှံဖြစ်မှ စွယ်တော်မြတ်ကို မီးထဲသို့နစ်စေရာတွင် ကြာပဒုမ္မာပေါက်၍ ၀တ်ရက်၌လူးလာစုံဆန် စင်းကြန်ကြွတော်မူသည်။ မီးလျှံမရှိစေရ၊ ငြိမ်းရသည်။ ဓမ္မရာမမင်းသားလည်း စွယ်တော်မြတ်ကိုဆောင်၍ အနုရာဓပြည်သို့ ရောက်သည်။ ကုလားပုဗ္ဗမင်းနှင့်တကွ တမြို့လုံးမြေမျိုသည်။ အနုရာဓမင်းလည်း အကျင့်ပြစ်မှားသော စိတ်ရောက်၍ မသန့်သောကျုံးတွင် ရေမှာပစ်လေစီရင်ရာတွင် မိုးကြီးသည်းစွာရွာ၍ သန့်ရှင်သည်။
ကြာပဒုမ္မာစသောပန်းမွှေးပင်တို့သည် ရောက်ကုန်၍ မင်းနှင့်အမတ်ညီလာခံရာသို့ အနံ့လှိုင်၍တက်သော ကြောင့် ဆွေးနွေးရာတွင် မင်းချင်းတယောက်ကိုစေ၍ ကြည့်စေရာတွင် ဟင်းသာတထပ်၊ ဗျိုင်းတထပ်၊ ကရ၀ိတ်ငှက်တထပ် ၀န်းရံလျက် သိကြားစသော နတ်ဗြဟ္မာအပေါင်းတို့သည် တအုံအုံရှိသည်ကိုမြင်၍ လျှောက်၏။ အနုရာဓမင်းအမတ်တို့လည်း ထွက်ကုန်၏။ ဓမ္မရာမမင်းသားကိုမြင်လျှင် အကြောင်းကိုဆို၏။ ရှင်မင်းသားသည်းခံပါ တောင်းပန်ရာတွင် ကျွန်ုပ်ကိုမကန်တော့နှင့်၊ စွယ်တော်မြတ်ကို ကန်တော့ဆို၏။ အနုရာဓမင်းစသော မှူးမတ်တို့လည်း နတ်တို့သီခြင်း၊ ကခြင်း၊ ကြွေးကျော်ခြင်းကိုမြင်၍ ကြောက်ကုန်၏။
ရွှေပန်းခိုင်၊ ငွေပန်းခိုင်၊ ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက်၊ ပတ္တမြားပေါက်ပေါက်တို့ဖြင့် ကြဲမြှောက်ပုဇ္ဇော်၍ ကန်တော့ကုန်၏။ စွယ်တော်ရှင်လည်း ဘုရားသဏ္ဌာန်ပြန်၍ ရောင်တော်ခြောက်သွယ်စသော မီးရေအစုံကိုလွှတ်၍ ကောင်းကင်ထက်က နေတော်မူ၏။ အနုရာဓမင်းစသော တိုင်းခရိုင်နိုင်ငံအလုံးသည် ကြွက်ကြွက်ဆူ၍ အုပ်အုပ်ကျက်ကျက်ဖြစ်၏။ သက်တော်မူပါ-တောင်းပန်ရာတွင်မှ သက်၍ ပဒုမ္မာကြာဝစ္ဆံ၌ ကျိန်းဝပ်တော်မူ၏။ အနုရာဓမင်းလည်း စွယ်တော်ရှင်အား သဒ္ဓါလှ၍ စေတီတည်၍ ကိုးကွယ်ချင်သော စိတ်စေတနာရောက်ရာတွင် သကြားမင်းသည် အလျားအနံအားဖြင့် စတုရန်း စောက်လေးတောင်ရှိသော ဌာပနာကိုပေး၏။
ဝိသကြုံနတ်သားကို စီရင်စေ၏။ ထိုမြတုန်းတွင် ဌာပနာတိုက်ပြု၍ စွယ်တော်မြတ်ကိုသွင်းမှ ရွှေအုတ်၊ ငွေအုတ်၊ သံအုတ်၊ နီလာအုတ်၊ ဂေါ်မိတ်အုတ်၊ ဥဿဖယားစိန်အုတ်၊ န၀ရတ်အုတ်တို့ကိုစီ၍ လုပ်သောခါ ပလဲရတနာကို ထုံးဖုတ်စေ၍ နွားနို့ကိုကော်ပြုစေမှ ရတနာမျိုးစီသောခါ သရွတ်လုပ်၍စီရင်၏။ န၀ရတ်ရောင် တလင်းလင်းတ၀င်းဝင်းရှိ၏။ ပတ်လည်အရပ်ရှစ်မျက်နှာက လူတို့ဦးချသောအခါ စွယ်တော်မြတ်ကို ပြင်ကအတိုင်းမြင်၏။ လုံတော်ကိုထောက်သော် လူတို့လက်ဖြင့် သုံးလက်မပူး၍ တခဲနက်စိုက်လျက် တည်သောသဏ္ဌာန်ရှိ၏။
ထီးတော်တင်မည့်အရာ၌ ထီးဝ လက်တောင်ကိုးတောင် ၂-မိုက်၊ ထီးရပ် ၁၈-တောင် ၂-မိုက်၊ စီရင်သောထီးတော်ကား သံကြေးမလုပ်၊ ဇမ္ဗူရစ်ရွှေကို အပြားခပ်၍ စီရင်၏။ မုတ်စသော ထောင်သော သ ကြည့်တို့ကို န၀ရတ်စီသတည်း။ စေတီတော်အရပ်တောင် ၂၀၀-စီရင်၏။ ထီးတော်၌ ဒုပိဏကား ပတ္တမြားရတနာ၊ အလျား ၄-တောင် ၃-ပတ် ၃-ထွာရှိသော ဇီဝိတာဝီစကြာမင်းဖြစ်တော်မူသောခါရသော ပတ္တမြားရတနာသည် သမုဒ္ဒရာကပေါ်ထွက်၍ ရွံသောအရာကို ချောမောပြေပြစ်အောင် ၀ိသကြုံနတ်သား စီရင်၍ ထီးတော်ထွတ်တပ်၏။ ငှက်မနား ကြက်လျှာတို့ဖြင့် တင့်တယ်စွာ တန်ဆာဆင်၍ ထီးတော်ကို လူမတင်ရ၊ နတ်တို့ဆောင်ယူ၍ တင်ကုန်၏။ နတ်တို့သဘင်၊ လူမင်းတို့သဘင်ခြိမ့်မျှခံ၏။
အနုရာဓမင်းစသောမှူးမတ်ပြည်သူတို့လည်း ရဟန္တာအပေါင်းသိန်းခြောက်သောင်းတို့အား လျော်သောအလှူ တို့ကို ပေးကုန်၏။ ထိုအခါ မြေကြီးပုခက် ခုနစ်ရက်တိုင်တိုင်လွှဲ၏။ အနုရာဓမင်းလည်း ဓမ္မရာမမင်းသားကို ၈၀-အရေအတွက်ရှိသော ကျေးလက်နှင့်တကွ မြို့တို့ကို ပိုင်စားပေး၏။ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ဆိတ်၊ ၀က်စသော သတ္တ၀ါတို့မှာ အမည် ၁၀၀၀-စီပေး၏။ အိမ်အရံ ၈၀-ရှိသောပြဿဒ် ဘုံ ဗိမာန်ဆောက်၍နေစေ၏။ မင်းသ္မီး ငါးရာ၊ ပုံဏားသမီး ငါးရာ၊ သဌေးသမီး ငါးရာ၊ သူကြွယ်သမီး ငါးရာတို့ဖြင့် ဤသ္မီးငါးရာပေး၍ ချမ်းသာစွာနေစေ၏။
ဤသို့ပြသောစကားတို့သည် သုံးတန်သင်္ဂါယနာကျမ်းအ၀င်အပါ များစွာသောစာတို့၌ တ၀တ္ထု၊ နှစ်ဝတ္ထုစီ လာ၏။ ဤသို့ကျမ်းလာသည်ကို ထောက်၍ ဟံသာဝတီကသည် ရတနာပူရအင်းဝသို့ ရေမြေ့ရှင်ညောင်ရန်း အောင်မြေက ဆောင်တော်မူအပ်သော စွယ်တော်၊ သပိတ်တော် ရွှေဝမြို့ကြီးလွှတ်တော်အရှေ့တွင် အုတ်ရိုးစင်ပြု၍ ရေအစင်အတိ မွမ်းမံမှစွယ်တော်၊ သပိတ်တော်တို့ကို တင်ထား၍ ကိုးကွယ်တော်မူလျှင် နိဗ္ဗာန်ပြည်ကျော် ညာကျွန်းမော်သို့ ရောက်တော်မူလွယ်မည်ကို အမြဲနှလုံးသွင်းရမည် မဟာဓမ္မရာဇ်။ ။

0 comments:
Post a Comment