ရေမြေ့ရှင်လျှောက်သည်ဆရာတော် --
သုံးလူအထွတ်မြတ်စွာဘုရား၏ စွယ်တော်မြတ်သည် ကလိင်္ကရာဇ်ပြည်က သီဟိုဠ်ကျွန်းသို့ ရောက်တော်မူသည်။ အထက်လက်ျာထက်အောက်၊ အောက်လက်ဝဲထက်အောက် ကျမ်းဂန်တွင် ရှိမည်။ ဟံသာဝတီပြည်ကြီး၌ ခမည်းတော်ဘုရားလက်ထက်တော် သီဟိုဠ်ပြည်ကိုအစိုးရသော ဓမ္မပါလမင်းက ရောက်သည် စွယ်တော်တဆူ၊ သပိတ်တလုံး၊ မင်းသ္မီးနှင့်တကွ ရတနာအပြည့်တင်သော သင်းဘောနှင့်တကွ ဆက်သည် စွယ်တော် သပိတ်တော်မှာ ကိုးကွယ်တော်မူအပ်ပါသည်။ ရောက်သည် သပိတ်သည် ရာဇာယတနတွင် စတုလောကပါလနတ်တို့လှူသော သပိတ်လော၊ သီဟိုဠ်ကျွန်းကိုအစိုးရသော အဘယဒုဋ္ဌကာမဏိသည် မဟာစေတီကို တည်သောအခါ သီဟိုဠ်မြို့ အရှေ့တောင်ထောင့် (၅)ရက် ခရီးဝယ်ရှိသော စေတီ ဘိနပ်တော်ကား ခြောက်ဆယ့်လေးမင်း မယ်စား သုံးစရွတ်နှင့်သုံးခွက်ရှိသည်။
အရပ်တော်ကား ဘုရားသိခင်အတောင်တော်နှင့် နှစ်တောင်အရေအတွက်ရှိသည်ကို (၇)တောင်တာနှင့် တာဖွဲ့သော် (၈၅၇)တာ တတောင်ရှိသည်။ ထိုစေတီတော်၌ ဌာပနာရန် ရှင်ရဟန္တာမြတ်တို့သည် ဘောဂ၀တီပြည်သို့ ကြွ၍ပင့်သည်။ စွယ်တော်ကို နတ်နဂါးကိုးကွယ်ဝှက်ရာတွင် တန်ခိုးပြာဋိဟာနှင့်နှိပ်နင်း၍ ယူဆောင်ရသည်များကို ကျမ်းဂန်လာသည်။ နဂါးပြည်ကရောက်သော စွယ်တော်စစ်ပင်လော၊ အပွားလော။ မသိသာပါ။ သိသာအောင် ကျမ်းဂန်ကြည့်၍ မိန့်တော်မူပါဆရာတော်။ ။
(တပယ်စား၊ တောင့်ရစ်စားတို့ကို စေတော်မူသည်။)Show/Hide
မှာလိုက်သည်ကား --
သုံးလူအထွတ်မြတ်စွာဘုရားအလောင်းတော်ကို သက္ကရာဇ် (၈၆၄၂)ခု၊ ကောဇာသက္ကရာဇ်ကို မဟာအဉ္ဇနမင်း (၈၆၄၀)ဖြိုသည်။ နောက်သက္ကရာဇ် (၆၇)ခု၊ ၀ါဆိုလပြည့်နေ့ တို့ဘုရားလောင်းနတ်သား တုဿီတာနတ်ပြည်က စုတေခဲ့၍ ကပ္ပိလ၀တ်ပြည်၌ သီရိမဟာ မာယာမိဖုယား၌ ပဋိသန္ဓေနေတော်မူသည်။ (၆၈)ခု၊ ကဆုန်လပြည့်၊ ၆-နေ့ဘွားတော်မူသည်။ (၈၄)ခု၊ ကဆုန်လပြည့်၊ ၅-တေးနေ့ ရေ၀တီနက္ခတ်နှင့် ရှည်၍ ယသောဓရာမိဖုရားနှင့် စုံဘက်သည်။ (၉၇)ခု၊ ၀ါဆိုလပြည့် တောထွက်တော်မူသည်။ ဒုက္ကရစရိယာခြောက်နှစ်ကျင့်သည်။ သက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့်နေ့ ဘုရားဖြစ်တော်မူသည်။ (၄၅)၀ါဆိုတော်မူသည်။ သက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့်၊ ၃-နေ့ ပရိနိဗ္ဗာန်ဝင်သည်။ လဆုတ်(၁၂)ရက်၊ ၁-နွေနေ့ တေဇောဓာတ်ရောက်၍ ဓာတ်တော်စုသည်။
သွားတော်လေးဆယ်၊ စွယ်တော်လေးချောင်း၊ ဓာတ်ပေါင်းရှစ်စရွတ်၊ ဆံတော်ကား ကိုးကုဋေ၊ မွေတော်ကား ရှစ်ကုဋေ၊ ကြီးသောဓာတ်တော်ကား ပဲနောက်ခန့်၊ အလတ်သောဓာတ်တော်ကား ဆံကျိုးခန့်၊ အငယ်သောဓာတ်တော်အဆင်းကား ချရာစေ့အသားကဲ့သို့ အဆင်းနှင့်တကွ မုံညင်းသီးခန့်၊ စွယ်တော် တချောင်း တာဝတိံသာ၊ တချောင်း ဘောဂ၀တီ၊ ဤနှစ်ချောင်းကား ဒေါဏပုဏ္ဏားအပ်သည်မဟုတ်၊ ဦးရစ်ကြား၌ စွယ်တော်သည် နတ်ပြည်သို့ရောက်သည်။ ခြေမဦးအောက်ရှိသော စွယ်တော်ကို နဂါးယူသည်။ ဂန္ဓာရမင်းတို့ကို ပုဏ္ဏားအပ်သည်တချောင်း၊ ကလိင်္ကရာဇ်မင်းတို့ကို ပုဏ္ဏားအပ်သည်တချောင်း၊ ရှစ်ပြည်ထောင်မင်းတို့ကို ပြည်ဝင်ရွှေဘလားနှင့်ခပ်၍ နှစ်ဖလားစီအပ်သည်။ ဆံတော်ကား စကြ၀ဠာသို့ရောက်သည်။ စကြ၀ဠာကိုးကုဋေ၊ မွေတော်တစကြ၀ဠာသို့ ရောက်သည်။ စကြ၀ဠာ ရှစ်ကုဋေဖြစ်သည်။
လက်ျာအထက်စွယ်တော်ကား တာဝတိံသာ၊ လက်ျာအောက်စွယ်တော်ကား ဘောဂ၀တီ၊ လက်ဝဲအထက် စွယ်တော်ကား ကလိင်္ကရာဇ်၊ လက်ဝဲအောက်စွယ်တော်ကား ဂန္ဓာလရာဇ်ဟူ၍ ကျမ်းဂန်လာသည်။ မဟာစေတီတွင် ဌာနာအံ့ဟူ၍ ရဟန္တာမြတ်တို့ နဂါးပြည်မှာပင့်သည်ကို မရရာတွင်တန်ခိုးဖြင့် နှိပ်နင်းယူမှရသည် ဆိုသောစကားသည် မဟာစေတီမှာ ကိန်းဝပ်တော်မူလိုလျှင် ပင့်စကပင် ကြွတော်မူရာသည်။ မကြွသည်ကိုထောက်လျှင် စွယ်တော်စစ်သည် နဂါးပြည်ဝယ်ရှိသည် ယူတော်မူရမည်။ အကြောင်းကို ထောက်လျှင်လည်း ဘူရိဒတ်နဂါးမင်းသည် နဂါးပြည်သို့လာ၍ ဥပုသ်ဆောက်တည်သည့် အရာကို ထောက်ပြန်လျှင်လည်း နဂါးပြည်၌ ကိန်းဝပ်တော်မူဟန်မရှိ ယူရမည်။ သုံးလူအထွတ်ဘုရားသိခင် ဗျာဒိတ်တော်ရှိရာ ကိန်းဝပ်တော်မူမည်အရာများကို အပြီးမှတ်တော်မူရာသည်။
လောကထွတ်ထားဘုရားဟူသမျှသည် အလိုတော်ရှိလျှင် မြင့်မိုတောင်ထိပ်သို့နှစ်လှမ်းဖြင့် ရောက်တော်မူနိုင်၏။ မြင့်မိုတောင်ကို နိမ့်အောင် ဖန်ဆင်းတော်မူသည်လည်းမဟုတ်၊ ခြေလှမ်းတော်ကို အားထုတ်၍လည်း လှမ်းတော်မမူ၊ ပကတိ လှမ်းတော်မူသည်သာတည်း။ အလိုတော်ရှိလျှင် နေမင်း လမင်းကိုသော်လည်း ခြေတော်ဖြင့် သုံးသပ်တော်မူနိုင်၏။ အလိုတော်ရှိသည်ရှိသော် မုံညင်းသီးခွန်တွင်းမှ ထိုမှဤမှ စင်းကြံ သွားတော်မူ၏။ ကိုယ်တော်ကို ငယ်အောင် ဖန်ဆင်းတော်မူသည်လည်းမဟုတ်၊ မုံညင်းသီးကို ကြီးအောင် ဖန်ဆင်းတော်မူသည်လည်းမဟုတ်၊ ပကတိကြွတော်မူသည်သာတည်း။
သရီရဓာတ်တော်၊ သွားတော်၊ စွယ်တော်၊ ဆံတော်မွေတော်များသည် ဘုရားသဗ္ဗညုကိုယ်တော်ပင် ဖြစ်သည်။ သတ္တ၀ါတို့အား စေတီပုထိုး ရုပ်ထုတော်တည်ရာ၌ နေတော်မူလိုလျှင်လည်း မပင့်ဘဲ သစ်ပင်၊ တောင်ကမ်း၊ ရွှေနန်းရွှေအိမ်၊ သိမ်ကျောင်းအစရှိသော အဆောက်အဦးတို့၌ ရောက်တော်မူလျှင် တန်ခိုးပြာဋိဟာ သိသာရုံပြတော်မူသည်။ ထိုသို့သော စေတီပုထိုးရုပ်ထုတော်တို့၌ ၀င်တော်မူ၍ နေသည်အရာလည်းရှိသည်။ ကောင်းမှုပြုသူတို့သည် ဌာပနာသွင်းသည်အရာတို့ကြောင့် ဘုရားရှင်တန်ခိုးတော်ကို ဤမျှဤရွေ့ဟူ၍ မကြံအပ်ချေ။ အနန္တဖြစ်သည်။
သီဟိုဠ်ကျွန်းမဟာစေတီမှာ ဌာပနာကားမရေတွက်နိုင်ဖြစ်သည်။ စွယ်တော်ရင်ဝင်၍ ကိန်းဝပ်တော်မူသော အခါလည်း ၀င်၍ကိန်းဝပ်သည်။ စွယ်တော်ပွားမှာ ဌာပနာသည်။ ထိုစေတီ၌ ကိန်းဝပ်တော်မူသည်၊ မကိန်းဝပ်သည်ကို သိရမြဲမဟုတ်၊ အလိုတော်ရှိရာ ကိန်းဝပ်တော်မူမြဲဖြစ်သည်။ မွေတော်ဝင်သည်၊ ထွက်သည်တံခါးကို မဆို။ ဘုရားရှင်တန်ခိုးတော်ကိုရှိစေဦး။ မြင်းမိုတောင်သို့ လက်ဝဲရံရှင်မဟာမောဂ္ဂလာန် ထက်သောအခါ မြင်းမိုတောင်မင်းကို ထွင်း၍ တက်သည်၊ ကျမ်းဂန်လာ၏။ လူနတ်တို့ကား ရှင်မောဂ္ဂလာန်ကို မြင်းမိုတက်သောအခါ ကဏ္ဌသရက်ပင်းရင်းက မြင်၏။
ဥပမေယျကား- ပယင်းချောင်းကို ကြိုးသီရံဖောက်သောအရာဝယ် တမုတ်ကြိုးနီကိုသီသောဥပမာကဲ့သို့ ရှင်မောဂ္ဂလာန်ဝတ်သော သင်္ကန်းနီနီကို မြင်ရသည်။ မြတ်စွာဘုရားတန်ခိုးတော်သည် အနန္တဇိန အနန္တဣဒ္ဓိဝိဓ ဖြစ်သည်။ သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စသတ သဟဿနိ၊ နမာမိ သိရသာမဟံ၊ အပ္ပကံ ၀ါလုကံ ဂင်္ဂံ၊ အနန္တံ နိဗ္ဗုတံ ဇိနံ၊ တေသံ ဓမ္မဉ္စ သံဃဉ္စ-ဟူသောဂါထာကို နှလုံးသွင်း၍ ကိုးကွယ်တော်မူသမျှသည် အန၀ဇ္ဇာနိ-အပြစ်မရှိ။ ကုသလာဓမ္မာဟူသော တရားတော်သည် နေ့တိုင်းပွား၍ မိုးသောက်တိုင်းမင်္ဂလာဖြစ်သည်များကို စိတ်စေတနာ စွဲမှတ်တော်မူလျှင် သီလအစ၊ မဂ်ဖိုလ်အလယ်၊ နိဗ္ဗာန်အဆုံးဟုဆိုအပ်သော တရားတော်ရှိသည် မဟာဓမ္မရာဇ် တရားမင်းမြတ်။ ။
(သက္ကရာဇ် ၉၅၉-ခု၊ ၀ါဆိုလဆန်း ၂-ရက်နေ့၊ အနန္တဓဇဆရာတော်က သွင်းသည်။)
(စာကြွင်း= စာချစ်သူများအား ရိုးသားစွာဝန်ခံအပ်ပါသည်။ ဤစာစုများကို ပြင်ဆင်ဖြည့်စွက်ခြင်းမရှိဘဲ မူရင်းအတိုင်းတင်ပြထားပါသည်။ မိမိသည် သမိုင်းကိုတင်ပြခြင်းသာဖြစ်၍ သမိုင်းအခြေခံခြင်းမဟုတ်ပါ သောကြောင့် မူရင်းစာသားများကို ပြင်ဆင်ဖြည့်စွက်ခြင်းမပြုခဲ့ပါ။ ပြင်ဆင်ဖြည့်စွက်ခြင်းပြုခဲ့သော် မူလစာရေးဆရာကို မလေးစားရာရောက်နိုင်ပါသည်။ မည်သည့်နယ်ပယ်မှာမဆို ယဉ်ကျေးမှုသည် ပြောင်းလဲနေမြဲ ဖြစ်ပါသည်။ ဒီနေ့စာပေယဉ်ကျေးမှုနှင့်ရှေးမြန်မာမင်းများလက်ထက် စာပေယဉ်ကျေးမှု သည် တူနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် စာဖတ်သူများ ဤသွင်းစာမျာကို ဖတ်ရှုရာ၌ အခက်အခဲ တစ်စုံတရာ ရှိနိုင်ပါသည်။ မိမိတို့ကိုယ်ပိုင်ဉာဏ်ဖြင့် ဖြည့်စွက်ဖတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

0 comments:
Post a Comment