ရေမြေ့ရှင်လျှောက်သည်ဆရာတော် --
စစ်ကိုင်းမင်းဝံတောင်တွင် စေတီတော်ကို ပုညစေတီဟု ခေါ်ဝေါ်ကုန်သည်။ ပုညာဆိုသောသူသည် မြို့သူကြီးလော၊ အမတ်ပင် ပုညာခံသလော၊ ပုညာအမတ်သည် အိမ်စည်အိမ်ဦးတွင်ထဲသော ၀ိဇယပူရက ပန်းထိမ်ငစိမ်သင့် ယူခဲ့သော တူထဲကတဆူ၊ ပေထဲကတဆူထွက်၍ ဘလားလုံးရှိ တ၀င်းဝင်းရှိသည်ကို ရတနာပန်းတောင်းဖြင့်ခံ၍ ကျိန်းဝပ်တော်မူပါ တောင်းပန်သည်။ မွေတော်နှစ်ဆူနားသည်။ မိုးသောက်လျှင် ခြေမြန်ကုလားကိုစေ၍ ရွှေလင်ပန်းတွင် သင်ပုတ်အပြည့်ပြင်၍ မွေတော်နှစ်ဆူတို့ ပတ္တမြားကြုတ်နှင့် သင်ပုတ်ဦး၌ မြှုပ်မှ အမောင်.. လေးကျွန်းဆီမီးတောင်က တက်၍ တောင်ထိပ်တပြင် တင်ချင်စိတ်ရှိသည်၊ တောင်ထိပ်တင်ခဲ့တော့ မှာထားပို့စေသည်။ လေးကျွန်းဆီမီးကတက်၍ တောင်ရိုးကို လျှောက်သည်။ သီရိ(ဓမ္မာ)သောကမင်းကြီး တည်သောစေတီတဆူ၊ ပတူသင်္ဃရာဇာတည်သော စေတီတဆူအကြားတွင် တည်ထားသည်။ ထိုတွင် နှစ်ဆူသောစေတီကို မြို၍ ပုညာအမတ် စေတီတည်သည်ကို အသင်္ခယာစောယွန်းသည် မာန်တက်၍ ပုညာအမတ်ကို ရေစိမ်ရာတွင် ရေပင်ဝှမ်း၍ ပုညာအမတ်သည် ရေပြင်ထက် ပကတိနေနိုင်သည်။ အစည်စကား ဆိုတုံကြသည်။ သိသာအောင် မိန့်တော်မူပါဆရာတော် ။ ။Show/Hide
မှာလိုက်သည်ကား --
ဝိဇယပူရမြို့တည် ပဌမမင်းတရားကို သမုဒ္ဒရာချားသော ကျည်းပုဏ္ဏား၊ ကျည်းကုလားတို့သည် ယိုယွင်းပျက်စီးစေလို၍ ကွမ်းခွက်ရှစ်ထောင့်တွင် မွေတော် (၇)ဆူကို အိမ်နှင့်စီသည်၊ ရွှေမယ်န (၇)ချက်လည်း ပါသည်။ သတ်- ဟူသောအက္ခရာလည်း ပါသည်။ ထိုကွမ်းခွက်ကို ကွမ်းပြင်၍ တစီးရှင်သီဟသူ စားတော်ခေါ်သနေ့သည် အန္တရာယ်ဖြစ်၍ ယားသောရောဂါ စွဲဘန်များသောကြောင့် သင်္ကာ၍ ပန်းထိမ်ငစိမ်သင့်ကို အပ်၍ ဖျက်စေရာတွင် မွေတော် ၅-ဆူသာရသည်။ ပေတွင်တဆူ၊ တူတွင်တဆူ ၀င်၍ ကျိန်းဝပ်တော်မူသည်ကို တစီးရှင်က ရွှေမယ်န ၇-ချောင်းလည်း ပါသည်။ သတ်-ဟူသောအက္ခရာဂဏန်းလည်း ပါသည်။ ၇-ဆူဖြစ်သည်။ နှစ်ဆူကို ပျောက်သာသလောဟူ၍ ပန်ရာတွင် ပေနှင့်တူကို ထမ်း၍ သံလျက်ကျွန်းရောက် ပြေး၏။ ညညသံခေါင်မှ ရေနားသို့ ရောက်သည်။ အညာက လှေငယ်တစ်နှင့် လူတစ်လှော်လာသည်။ ငစိမ်သင့်က အစ်ကိုကြီးစစ်ကိုင်းသို့ ကူးလျှင် လိုက်ပါမည်ဆို၏။ တက်ခဲ့တော့ဆို၍ လှေထက်သို့ရောက်လျှင် စစ်ကိုင်းမြစ်နား မှားချခဲ့မှ အောက်သို့ လှေရွေ့သွား၏။ ငစိမ်သင့်လည်း မိုးသောက်မှ ပုညာအမတ်အိမ်သို့ရောက်၏။ တညဥ့်အိပ်လျှင်ပင် နှစ်ဆူသောမွေတော် တူကပေကထွက်၍ တ၀င်းဝင်းရှိ၏။ အမိန့်တော်ရှိသည့်အတိုင်း လျှောက်သမျှစကားကို ဖြေတော်မူ၏။
ပုညာအမတ်သည် ဘ၀ါးဦးတောင်ထိပ်ထက် နှစ်ဆူသောစေတီကို ဖြို၍တည်သည်ဟု စစ်ကိုင်းမြို့တည်မင်းက ဖမ်း၍ ပုညာအမတ်ကို ရေစိမ်ရာတွင် ၀ှမ်းသောအရပ်ကို ယခုရေ၀ှမ်းတွင်သည်။ စေတီတော်ကို ရွှေထီးတင်သည်ကား သက္ကရာဇ် (၆၈၄)ခု၊ တဆောင်မုန်းလပြည့်နေ့ အသင်္ခယာစောယွန်းက ခမည်းတော်ဆင်ဖြူရှင်ကို လျှောက်၍ အလှူတော်များနှင့် စစ်ကိုင်းမြို့တည်မင်း၊ ပုညာအမတ်၊ ငစိမ်သင့်တို့သည် သာဓုခေါ်၏။ ဘ၀ါးဦးတောင်စောင့်နတ်ကြီး၊ မြောက်မတောင်စောင့်သောနတ်ကြီးစသော ၀ဿဝရော တာနော ဒက္ခယက် ၉-ယောက်၊ သကြား၊ ဂုမ္ဘာန်ရရဲ၊ သောတာပန် ၉၉၊ ဇေတဘီလူးတို့လည်း ခြွေရံ၍ သာဓုခေါ်၏။
သက္ကရာဇ် (၆၈၄)ခု၊ တပိုတွဲလပြည့်ကျော်ဆယ်ရက်နေ့ ၀ိဇယာပူရ တစီးရှင်သီဟသူ အနိစ္စရောက်သည်။ ထိုနေ့ ဥဇနာမင်းကြီး ရွှေနန်းတက်သည်။ အိမ်နိမ့် ၂၂၊ စည်းစိမ် ၂၀၊ အသက် ၄၂-တွင် ဘုန်းခဲသည်။ သက္ကရာဇ် (၇၀၄)ခု၊ နတ်တော်လဆန်း ၇-ရက်နေ့၊ ဆင်ဖြူ ၅-စီးရှင် နန်းတက်တော်မူသည်။ ၀ိဇယာပူရ၊ ဇေယပူရ ဟူသော နှစ်ပြည်ထောင်ကပင် ပုညစေတီကို လုံ့လပြု၍ ထီးဖြူ၊ တံခွန်၊ ရွှေပန်းခိုင်၊ ငွေပန်းခိုင်၊ ရွှေတန်ဆောင်၊ ငွေတန်ဆောင်၊ ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက်၊ ပတ္တမြားပေါက်ပေါက်၊ မြူတာရေချမ်း၊ ဆွမ်းသင်ပုတ်၊ ၀ါဝင်ဝါကျွတ်၊ တဆောင်မုန်းကထိန်တော်၊ နေ့တိုင်းလည်း သင်ပုတ်တော်၊ ကြေးနီအုပ်အလှူတော်ကိုင်၊ အလှူတော်ကြပ် ခန့်ထား၍ ဘုရားရောက် တင်လှူတော်မူသည်များကို ဆရာစည် သမားစည် မိန့်တော်မူသည်များကို ကြား၏။
အနောက်မြောက်ထောင့် ခြင်္သေ့မွေတော်ထွက်သည်ဟူ၍ ပြည်သူပြည်သားတို့ ပူဇော်သည်များကိုလည်း ဆရာတော်လက်ထက်တိုင် ဖူးမြှော်သွားလာကြည့်ရှု ပူဇော်ကြသည်များကိုလည်း ကျောင်းသို့ရောက်လှာသူတို့ ပြောဆိုသည်ကို ကြားရသည်။
ပုညစေတီဘုရားတွင် မွေတော်စစ်ရှိသည်။ သီရိဓမ္မာသောကမင်းကြီးတည်သည် စေတီကဖြစ်မည်၊ ပတူးသင်္ဃရာဇာတည်သည် စေတီကဖြစ်မည်၊ ပုညာအမတ်တည်သည် စေတီကဖြစ်မည်ကိုသာ မမြင်နိုင်။ မွေတော်များထွက်၍ တန်ခိုးပြာဋိဟာ အရောင်အ၀ါနှင့် ကောင်းကင်ပြင်သို့ ခြင်္သေ့အမောက် ထွက်တော်မူသည်၊ ၀င်တော်မူသည်များကို ကောလာဟလစကားကိုကြား၏။ ဆရာတော်လည်း တလနှစ်ကြိမ် သလင်းကြီး၌စေတီတော်ကို အဖူးအမြှော်ရောက်သည်။ ပုညစေတီသည် ရတနာပူရ အ၀မြို့မပေါ်ထွန်းမီကပင် ဖြစ်သည်။ ၀တ္ထုကံမြေမှာ တစီးရှင်လက်ထက် စစ်ကိုင်းမြို့တည် ပဌမမင်းသို့ အမိန့်တော်ပြန်၍ ကျောက်စာထိုး၍ စိုက်ထောင်သည်။
သင်ပုတ်တော်ဝတ်၊ ဆွမ်းတော်ချက် ယိုးတယားလေးမှလှူသည်၊ အရာများမှာ ကျောက်စာရှိသည်။ ရေမြေရှင်ထပ်၍ ရွှေမွမ်းမံတော်မူပါ။ ပုညစေတီဘုရား ကျောက်စာတိုင်မှစ၍ အရပ်ရပ်မြို့ရွာရှိ စေတီ၊ ပုထိုး၊ ရုပ်ထုတော်များတွင် ရှေးရှေးသောအက္ခရာ ပျက်သော်၊ ကွာသော်၊ ကျောက်စာတိုင်ပဲ့သော်၊ ကြွေသော်၊ ယိုယွင်းသော်၊ ယိမ်းဘည်သော် ကောင်းမွန်အောင် အက္ခရာစသော သဝေတလုံးမှ မကျရအောင် စီရင်တော်မူ၍ ကျောက်စာထိုးစေခြင်း၊ ကျောက်စာတိုင်စိုက်ခြင်း၊ ကျောက်စာတိုင်စိုက်သောခါ ရွှေကရာဖြင့် ထပ်လှူတော်မူ၍ မဟာပထ၀ီမြေသို့ ရေစက်တော်ချတော်မူခြင်း၊ ဆုတောင်းတော်စာ ဖတ်၍ သမ္မာသမ္ဗောဓိဆုကို ပန်တော်မူခြင်းစသော မဟာကုသိုလ်စေတနာတော်ကို လုလ္လပြုတော်မူသင့်သည် မဟာဓမ္မရာဇ် ။ ။
( သက္ကရာဇ် ၁၀၀၂-ခု၊ နယုန်လဆန်း ၅-ရက်နေ့သွင်းသည့်မေတ္တာစာ။ )

0 comments:
Post a Comment