လက်ဖက်ရည်ငှက်များရဲ့ ညနေ…(၂)

on Saturday, December 11, 2010
ဘ၀ဆိုတာ
ဟိုကောင်လေး ဖျော်တဲ့
မာတိုဗာ လို
ထာဝရ ချိုအီနိုင်ပါ့မလား
မမြင်ရတဲ့ ကြမ္မာကြောင့်
ရင်ဝမှာ ဗလောင်ဆူ
ရေနွေးလို ပူလောင်ကျက်
လက်ဖက်ခြောက်လို ဖန်ခါးပေမယ့်
ကံတရားကို ရင်ဆိုင်
(အစီခံမပါတဲ့ ဒူးယားလို…)
ထူးခြားစွာ နေနိုင်ရမယ်
အားလုံး
ပြန်လည်ဆုံစည်းကြတဲ့ အခါ
ဟေမာ ရှိမယ်၊ မေခလာ ရှိမယ်
ပိုးဒါလီ ရှိမယ်၊ ကော်နီ ရှိမယ်
ထူးအိမ်သင် ရှိမယ်၊ အောင်ရင် ရှိမယ်
ရဲသွင် ရှိမယ်၊ နေမျိုးဆေး ရှိမယ်
သိတယ် မဟုတ်လား
ဘာသာစကား အသစ်နဲ့
ချစ်စရာကောင်းတဲ့ ကဗျာ
အလင်းမြှားထဲက အချစ်ရွာ …။
ဒီနေရာမှာ
ဗွီဒီယို ဘာသာစကား
ရှင်မ, ကြားရင် ဖျားသွားမယ်
နားထဲမှာ ကျိန်းသွားအောင်
တစ်သိန်း-, နှစ်သိန်း
သုံးသိန်း-, လေးသိန်း …တဲ့
ကိန်းဂဏန်းများ ခြိမ်းခြောက်
ဗွီဒီယို မင်းသားတစ်ယောက်ရဲ့
ပေါက်ဈေး
ရှင်မ, ကြားရင် သွေးလန့်မယ်
ပန်းဆိုးတန်းက
ပလက်ဖောင်းဘေးမှာ
ကိုတင်လှိုင်ရဲ့ လက်ဖက်ရည်ဆိုင်လေး
ထိုင်ခုံ သေးသေးပေါ်မှာ
ပရိုဂျူဆာကို မျှော်တာလား
ရှေ့တစ်ခေါ်ကို ကြည့်တာလား
ကိုယ် သိကျွမ်းခဲ့တဲ့ … ပိုင်သ
တစ်ခါက
ကဗျာဆရာ … ပိုင်သ
နန္ဒာအိုင်မင်းရဲ့ … ပိုင်သ
ဒါရိုက်တာ … ပိုင်သ
သူ့ဘ၀မှာ
လှပတဲ့ ရိုက်ချက်နဲ့
သွက်လက်တဲ့ ဇာတ်လမ်း
မှတ်တမ်း ကျန်ရစ်ပါစေသော်
ပန်းဆိုးတန်း ဟောလိဝုဒ်လည်း
ဘေးဥပါဒ် ကင်းဝေးစေသော် …။

0 comments:

Post a Comment