လက်ဖက်ရည်ငှက်များရဲ့ညနေ (၃)

on Tuesday, December 28, 2010

စိတ်ညစ်နေတဲ့ ရုပ်ပြောင်
ဆာလောင်နေတဲ့ ကာတွန်းတွေဟာ
‘နေရောင်ခြည်ကဖီး’ ထဲမှာ
အောက်စီဂျင် ရှာနေကြတယ်
သူတို့ ဘ၀ခရီးမှာ
မီးပြတ်, ရေပြတ်
ကားကျပ်, ဗွက်ပေါက်တဲ့ ကိစ္စ
စာမဖွဲ့လောက်တော့ပါ
ကမောက်ကမ ကျူရှင်
ကမောက်ကမ ယဉ်ကျေးမှု
ကမောက်ကမ ကုန်ဈေးနှုန်း
ကမောက်ကမ အတွေးအခေါ်
ဘယ်ဟာကို ဘေးချော်လို့
ဘယ်အရာကို ဖေးခေါ်မလဲ
ဟော့ဒီ ဖော်မိုက်ကာ စားပွဲလေးမှာ
(ကာတွန်းဆရာတွေရဲ့…
လာ- ဟူး- ကြာ စကားဝိုင်းလေ
နားထိုင်း, လက်တုန်
မျက်စိမှုန်သူ မလာရ)
တစ်စုံတစ်ရာကို ‘ကာ’ပြီး
တစ်စုံတစ်ယောက်ကို ‘တွန်း’သူဟာ
ကာတွန်းဆရာတဲ့လား
ဟာသပညာရှင်တဲ့လား
ကိုယ့်တရား ကိုယ်ဆောင်ကြ
ကိုမှောင် သိတယ်
ကိုကို စိန်ရိုး သိတယ်
သမိန်ပေါသွပ် သိတယ်
တွတ်ပီ သိတယ်
ကမ္ဘာရှား သိတယ်
နေရောင်ခြည်ထဲမှာ
ကာတွန်း ဖြစ်သွားတဲ့ သူတွေ
အားလုံး သိတယ်…။

ပြင်သစ်နိုင်ငံမှာ
ပါရီမြို့တော်ရဲ့ ညချမ်း
ကိုယ်တို့ မလွမ်းဘူး
စိန်းမြစ်ကမ်းဘေးက
ကဖေးဆိုင် ယဉ်ကျေးမှုနဲ့
ဘီယာဂါးဒင်းထဲက အနမ်း
ကျောချမ်းသလား ရှင်မရေ
‘ထင်သလိုနေ သေခဲ’ ဆိုတဲ့ ၀ါဒနဲ့
‘ငါမှ တစ်ပါး
အခြား ဘာမှ မရှိ’ …ဆိုတဲ့
အဘိဓမ္မာ အပုပ်အသိုး
ကိုယ်တို့ဆီမှာတော့ …နိုး …နိုး …
ရိုးသားတဲ့ ဘာသာဗေဒမှာ
(ရှိုးသမားရဲ့ …)
ဝါစာပေယျမျိုး မရှိ
ပကတိငြိမ်သက်နေတဲ့
လက်ဖက်ရည်ခွက်ထဲမှာတော့
ပွက်ခါနီး မုန်တိုင်းနဲ့
ရင်လှိုင်းခတ်သံ ရှိတယ်
ငြိတွယ်စရာ ဘ၀အတွက်
ရောဂါဘယတွေကို ငဲ့ကွက်ပြီး
(ဆီးချိုရောဂါရှင် … သူဟာ)
ယမကာ ဖြတ်ခဲ့ရ
အပူအစပ် ဖြတ်ခဲ့ရ
အချိုဓာတ်တွေ ဖြတ်ခဲ့ရ
ကန္တာရကို ဖြတ်သန်းရတာထက်
လက်ပန်း အကျဆုံး အခက်
ချိုပေါ့ကျ ပင်လယ်နက်
ဟောဒီ
လက်ဖက်ရည်တစ်ခွက်ပေါ့
ကြက်ဥတစ်လုံးစာ အာဟာရနဲ့
လူ့ဘ၀ကို
ထာဝရ ရှင်သန်စေဖို့ ဆိုတာ
လွယ်ပါ့မလား ရှင်မရယ်။

လမ်းဘေးမှာ ထိုင်ရတဲ့
လက်ဖက်ရည်ဆိုင် ဘာသာစကားဟာ
ခမ်းနားတဲ့ ပုံပြင်တစ်ပုဒ်တော့
မဟုတ်ဘူးပေါ့ ရှင်မရယ်
ပင်လယ်အကြောင်း ပြောနေရင်း
မိုးလေ၀သကိစ္စ ရောက်လိုရောက်
လက်ဖက်ခြောက်အကြောင်း
သောင်းပြောင်းထွေလာ ဆွေးနွေးရင်း
လက်ဖက်ခင်းတွေ တန်းစီနေတဲ့
ရှမ်းပြည်နယ်အကြောင်း ငြင်းခုန်
‘ပင်လုံ’ကို ရောက်လိုရောက်
လက်ဖက်ရည်သောက်နေရင်း
ကိုယ့်ရှေ့က မြင်ကွင်းကို အာရုံပြု
ကြက်ဥတစ်လုံးနဲ့
ရေနွေးတစ်အိုးကို ရှုမှတ်ပြီး
‘သူ့ဥကို စောင့်ရှောက်နေတဲ့
နှုတ်သီးရှည်ငှက်တစ်ကောင်’ … လို့ အမည်ပေး
အတွေးထဲမှာ ပုံဖော်
ခေတ်ပေါ်(မော်ဒန်) ပန်းပု
ကိုယ့်စိတ်ထဲမှာ ထုကြည့်ခဲ့
လူ့အဘိဓမ္မာကို
သုခိတာ တစ်ဖွာနဲ့ ရှာခဲ့ …
ကဗျာရဲ့ ညနေခင်းမှာ
ဟင်းလင်းပြင် ကမ္ဘာဘက်ကို
သစ္စာရှာဖို့ ထွက်ကြမယ်
ရှင်မ … အတူ လိုက်ခဲ့ကွယ်။

သိတယ် မဟုတ်လား
ပျားအုံခံစားမှုနဲ့ ရင်ခုန်
ဒဂုန်တာရာ ဂုဏ်ပြုခဲ့တဲ့
ပန်းနုရောင် ရသနဲ့
သဘာဝ လက်ဖက်ရည်ဆိုင်ကလေးပေါ့
လမ်းဘေးမှာ …
ဝမ်းရေးသက်သက် မဟုတ်
ဆိုင်းဘုတ်ကြော်ငြာ မရှိ
အဆောင်အယောင် အခင်းအကျင်းလည်း
အလျင်းမရှိ
သိတယ် မဟုတ်လား ရှင်မ …
ဂီတ … ရုပ်ရှင် …ပန်းချီ
ပျားအုံဆီ လာကြ
ကာတွန်း … ရုပ်ပြ … ဓာတ်ပုံ
ပျားအုံဆီ လာကြ
အညာ အကြေ မြေလတ်
စာပေရပ်ဝန်းကို ဖြတ်သွားတိုင်း
ပျားအုံဆီ လာကြ
အနုပညာလောကရဲ့
ပထမ မျိုးဆက်မှသည်
ပဉ္စမမျိုးဆက်အထိ
‘လေထန်ကုန်း’  …မှာ ရှိနေတယ်
မျက်လုံးတွေက ကြည့်နေတယ်

အဲဒီနေရာလေးမှာ
ဈေးချုပ်အပ်ထည် လာစောင့်သူ
ပညာရှိပြုံး - ပြုံးပြသူ
ဘ၀တူတွေကို ဆုံးမသူ
မစ္ဆရိယမျက်လုံးကို
ရေဘင်မျက်မှန် ဖုံးထားသူ
အနုပညာရဲ့ ပခုံးပေါ်မှာ
ဘာတာဝန်မှ မရှိဘူးလို့
ကမူးကတူး ဟစ်ကြွေးသူ
အဲဒီလို လူစား
နည်းနည်းပါးပါးလောက်တော့
ပျားအုံကို မွှေနှောက်ခဲ့ကြဖူးတယ်
သုံးဆယ့်သုံးလမ်းရဲ့
လေထန်ကုန်း အုတ်ခုံတစ်ခု
ခွေးခြေခုံ ပုပုလေးပေါ်မှာ
သဘာဝ စာရေးဆရာနဲ့
ဟာသ စာရေးဆရာရဲ့
ပျော်စရာ ရွှင်စရာ အပြုံးကို
ခရီးကြုံတုန်း မြင်းဖူးတယ်
နှလုံးခုန်သံနဲ့ ဖျော်ထားတဲ့
လေထန်ကုန်း လက်ဖက်ရည် တစ်ခွက်ကို
စွဲမက် ခံစားခဲ့ဖူးတယ်
‘လေထန်ကုန်းမှာ …
သင်ယူစရာတွေ အများကြီး
ရှိနေတယ်’ …လို့ ပြောသွားတဲ့
ဆရာတာရာရဲ့ စကား
ကျက်မှတ်ထားခဲ့ဖူးတယ်
‘မဂ္ဂဇင်း တစ်စောင်ဆိုတာ…
လေးရောင် … နှစ်ရောင်
စလစ်ဖောင်ကို ဒီလိုဝင်
စာအင်ကို ဒီလိုထားပေါ့ ‘ …တဲ့
ကိုတောက်တို့ စကားဝိုင်း
နားထိုင်းသူတောင် ကြားရမယ်
ကားသံတ၀ီဝီ
တီး-ကော်သံ ညံစီစီ
လေထန်ကုန်းညနေ မှုန်ပြာရီမှာ
ပျာကသီ နှုတ်ဆက်
လက်ဖက်ရည်ငှက်များ ပျံသန်း
တချို့ …
ပုဇွန်တောင် ယမကာတန်းကို
လှမ်းခဲ့ကြပြီ
တချို့ …
ပန်းဆိုးတန်းကမ္ဘာဘက်
ဦးတည်ထွက်ကြပြီ
သီဝရီအသစ်တွေကို
ချစ်တတ်တဲ့ ငှက်တစ်ကောင်ကတော့
အရှေ့ အနောက်
တောင် မြောက် ၀ဲယာဆီ …။


0 comments:

Post a Comment