အိုးဖုတ်ရင်း မိုးချုပ်သွားသူများ (၃)

on Saturday, January 15, 2011

အနီထည် အချိုးကျတဲ့
မြေနီရောင် အိုးလှလှလေးပေါ်မှာ
နေကြာ, ဒေလီယာ
ဂန္ဓမာ ပန်းရောင်စုံကို
စိတ်ကူးပုံစံတွေ ထုတ်
ဝါးခြမ်းပြားတုတ်ကို
ဖြစ်သလို စုတ်တံလုပ်ပြီး
ပန်းပွင့်ရုပ်ပုံတွေ ရေးနေတဲ့
တွံတေးသူရဲ့ အနုပညာ
ရေအိုးပန်းချီ လက်ရာရှင်ကို
‘မိုရင်ဂျိုဒါရို’မြို့သားတို့
ဘယ်သူပြိုင်လို့ လှနိုင်ပါ့မလား
တွံတေးက သောက်ရေအိုးကို
တိုကျိုမှာ ဈေးကွက်ရှာ
ယူအက်စ် ကမ္ဘာရဲ့
ဝါရှင်တန်ဒီစီကို တင်ပို့
ဗြိတန်က ရှက်ဖီးလ်မြို့မှာ
အက်ဖ်အီးနဲ့ ရောင်းရရင်
ကောင်းပါ့မလား ရှင်မရယ်

တကယ်လို့သာ …
ပါဝါမီတာတွေ
ကွန်ပျူတာ ဆားကစ်တွေ
ခေတ်မိ စက်ခလုတ်တွေနဲ့
အိုးဖုတ်ပြီး ဒေါ်လာရှာရင်
ဟောဒီ့ ကမ္ဘာပေါ်တွင်
ဂန္ထ၀င်လက်မှုအတတ်ကို
စက်မှုသတ်လို့ သေလိမ့်မယ်
ပေါင်းခံထားတဲ့ သောက်ရေကြည်
ပီအိတ်ခ်ျ-ဆဲဗင်းကို မှီဝဲ
ရေခဲသေတ္တာနဲ့ သုံးဆောင်သူ
စက်ဘုန်းအရောင်နဲ့
လက်ရုံးတစ်ထောင်ရှိတဲံ သူဌေးကြီးဟာ
တွံတေးမြို့က သောက်ရေအိုးကို
တန်ဖိုးအကြီးဆုံးပေးပြီး
ကိုယ်ပိုင် ဟပ်စကီးနဲ့ ၀ယ်သွားသတဲ့
တွံတေး ရွှေ့ဆံတော်ဘုရားရဲ့
သစ်သားတန်ဆောင်းအိုကြီးထဲမှာ
နားခိုရင်း လဲလျောင်းခိုက်
ကောင်းလိုက်တဲ့ အိမ်မက်ပေါ့
နော့ … ရှင်မရယ်။

‘အိုး’… ဆိုတာ
မြန်မာမှု နယ်ပယ်မှာ
ပစ်ပယ်လို့ မရတဲ့
မရှိ မဖြစ် ဘာသာဗေဒပေါ့
‘ဒေါင်ဒေါင်မြည်မှ အိုး’ … တဲ့
‘အိုးချင်းထား အိုးချင်း ထိ’ … သတဲ့
‘မိဘမျက်နှာ အိုးမည်းသုတ်’ … သတဲ့
‘အိုးတော်လုပ်-ဖုတ်ရင်းက မကျက်’ …တဲ့
‘အိုးနဲ့ဆန် တန်ရုံချက်’…တဲ့
‘အိုးရွဲ့ကို စလောင်းရွဲ့နဲ့ဖုံး’…တဲ့
‘အိုးမလုံ အုံပွင့်’…တဲ့
‘အိုးကမပူ စလောင်းက ပူ’…တဲ့
‘အိုးသည် အိုးကောင်း မသုံးရ’…တဲ့
အမဲရိုးက ဟင်းအိုးမှ အားမနာ’...တဲ့
‘သားရွှေအိုး ထမ်းလာပါစေ’…တဲ့
‘မိုးနဲ့ သရက်,အိုးနဲ့ကြွက်’…တဲ့
‘ဦးခေါင်းတစ်လုံးနဲ့
အိုးနှစ်လုံးရွက်’ … သတဲ့
သစ်ရွက်တွေ တကြွေကြွေ
လေပွေတွေ တဝေ့ဝေ့
မီးခိုးငွေ့တွေ တအူအူမှာ
ချိုးကူသံလည်း မကြားရ
အိုးဆူလို့မှ
ဆန်ခပ်စရာ မရှိတဲ့ ဘဝ
မငြိတွယ်ပါရစေနဲ့ ရှင်မရယ် …
အိုးတွေ မြန်မြန်ယူခဲ့ကွယ်
သမ္ဗန်ကလေး ထွက်တော့မယ်
အိုးဈေးကောင်းအောင် ဆုတောင်းကွယ်။

အိုးဘိုရပ်ကွက် အရှေ့က
မင်းလမ်း ဆိပ်ကမ်းကွေ့မှာ
ပွေ့လို့လည်း မစွမ်း
ထမ်းလို့လည်း မနိုင်
စက်သီးကြိုးခိုင်ခိုင်နဲ့ ချီမ,မှ
တကျွီကျွီကြွလာတဲ့ အိုးများစွာ
ပိဿာချိန် တစ်ရာစီးတဲ့
ဟောဒီ့ ရာဝင်အိုးကြီးတွေကို
ဘောက်တူလှေနဲ့ သယ်လို့
ထားဝယ်ကို ပို့မလို့တဲ့ကွယ်
(ကိုယ်တို့ဘ၀ကို ချီမလို့)
အိုးဖုတ်သူဘ၀ လွတ်မြောက်ရေး
ဘယ်သူ ကယ်တင်ပေးပါ့မလဲ
လှပတဲ့ မြို့ပြဆိုင်ခန်း
စံပြရုံ အရှေ့ဘက်ခြမ်းမှာ
ခမ်းနားတဲ့အိုးဆိုင် တစ်ဆိုင်ကို
ရှင်မ, မြင်နိုင်ပါစေသား
နဂါးရုပ် ခံတဲ့
ကနုတ်ပန်း ဖောင်းကြွဖလားနဲ့
နဂါးရုပ် ရံတဲ့
အဖိုးတန် ပန်းစိုက်အိုးကို
ဧည့်ခန်းမှာ ပန်းစိုက်ထိုးပြီး
ပန်းမိုးဖြာဝေ ရွာစေချင်သပေါ့

အခုတော …
ရွှံ့ပျော့ပျော့ကို လက်နဲ့နယ်
ဖုတ်ပြီးသားအိုးတွေကို
သယ်ပိုး …
သည်လိုနဲ့မိုးချုပ်တော့မှာလား
အိုးပုတ်,ချိုးရုပ်လေးတွေ ခင်းပြီး
တမင်းချက်တမ်း
ဟင်းချက်တမ်း ကစားကြတဲ့
ကလေအရွယ် ငယ်ဘ၀ကို
တကယ်ရရင်
ပြန်လိုချင်တယ် ရှင်မရယ်
အပြင်မှာ …
ကောင်းကင်ကြီး ညှိုးပုပ်လို့
မိုးချုပ်တော့မှာပါလား …
အို မိုးချုပ်တော့ မှာပါလားကွယ်။



0 comments:

Post a Comment