ညောင်ရမ်းခေတ်သွင်းစာများ (၂၀)

on Saturday, January 22, 2011


ဒုတိယမင်းခေါင်ကို ရှင်မဟာရဋ္ဌသာရသွင်းသောမေတ္တာစာကို ပြန်လည်တင်သွင်းချက်

အတွင်းပိဋကတ်နာထဆရာတော် မေတ္တာစာသွင်းသည် မဟာဓမ္မရာဇ်။
ရှေးဘေးတော် ဒုတိယမင်းခေါင်လက်ထက် စစ်ကိုင်းဆိပ်စကျောင်း၌ သတင်းသုံးသော ရှင်မဟာရဋ္ဌသာရ သွင်းအပ်သော မင်းတို့နှင့်လျှော်သောမေတ္တာစာကို ဆရာတော်သွင်းသည် မဟာဓမ္မရာဇ်။ ။

          အသင်္ခါရိက၊ ဉာဏသမ္ပယော၊ တက်ဖျောဇဝန၊ ကျဘိဘဝင်၊ ဖြည့်လျှင်တည်းပျက်၊ လျှပ်တပြက်ဝယ်၊ ချင့်တွက်ကုဋေ၊ တသိန်းနေလျှင်၊ ချုပ်ထွေအမြဲ၊ စိတ်ထဲကြည်စွာ၊ စေတနာဖြင့်၊ မေတ္တာဩဒိဿ၊ ကြေးမုံပြလျှက်၊ ရူပဆင်းလျော်၊ မျက်နှာတော်ကို၊ မနော်ဒွါရ၊ နိစ္စလေ့ကျက်၊ ကသိုဏ်းကွက်သို့၊ ပြက်ပြက်လည်းထင်၊ အာရုံမြင်က၊ နံ့ရွှင်လှိုင်ကြူ၊ ကိုယ်တော်ဟူသား၊ မဉ္ဇူကျော်ထင်၊ နတ်ပန်းပင်ကား၊ ညွန့်ရှင်ခက်ဖြာ၊ နှစ်တရာလျှင်၊ ခန္ဓာနိကာယ်၊ သက်တော်ကြွယ်၍၊ အောင်လွယ်စိမ့်သော၊ ဇမ္ဗူကြောဝယ်၊ မနောပွင့်ကြောင်း၊ သွန်းလောင်းနဝဒတ်၊ ပြွန်မှလွှတ်သည်၊ ဖြန်းဆွတ်ရေချမ်း၊ မေတ္တာမွှန်းလျက်၊  နှစ်သက်ဝမ်းမြောက်၊ နားတော်လျှောံသော မဟာဓမ္မရာဇ်တရားမင်းကြီး၊ ပြည်ကြီးသနင်း၊ မင်းတို့အဓလေ့၊ ခြင်္သေ့အားလှိုင်း၊ ကျင့်ပုံခိုင်းလျက်၊ ဥဗျိုင်းလည်ကြင်၊ ငြိမ်သက်ခြင်းဖြင့်၊ သွားနင်းအသာ၊ ငါးကိုရှာသို့၊ ရေးရာမျှော်ရှု၊ အမှုကြီးငယ်၊ တိုင်ပင်ဖွယ်၌၊ ဥပါယ်တမျည်၊ ကိုးကွယ်ရည်လျှင်၊ ရှေးစည်ကျင့်ရိုး၊ ထုံးရိုးနည်းခိုင်၊ စွမ်းနိုင်တိုင်းလျှင်၊ အားသိုင်းကြိုးကုတ်၊ သမုဒ်မြစ်ရေ၊ ခန်းစိမ့်ထွေဖြင့်၊ သွန်းလေတုံထ၊ ရှည်သားရသို့၊ လုလ္လသောင်သာ၊ ပြုအပ်ရာသောအကြောင်းတို့ကိုလည်း သိတော်မူစေချင်လှသော။

ညည့်ခါသည့်ခါ၊ အဝါမတက်၊ အခိုးထွက်၍၊ နံနက်မိုးသောက်၊ လင်းစင်မြောက်သော်၊ အတောက်အလျှံ၊ မညံစေအောင်၊ ပြောင်ပြောင်ထွန်းလျက်၊ ညည့်သံနက်တွင်၊ အိပ်စက်နည်းစွာ၊ နိုးကြားရာကား၊ သင်္ကာရွံ့စိုး၊ မြေပြောက်နိုး၍၊ မိုးမသောက်သရွေ့၊ မပျော်မွေ့တည့်၊ အလေ့အကြက်၊ သစ်ပင်တက်က၊ ဆင်းသက်စတမ်း၊ မျောက်မြေစမ်းသို့၊ နှုတ်ငြမ်းအောင်မြို့၊ မကောင်းတို့သည်၊ ညဥ့်ဘို့အပြား၊ ယာမ်သုံးပါး၌၊ ရာပိုက်မျှပျော်၊ စက်တော်ခေါ်မြဲ၊ ကြက်ဦးထဲက၊ နိုးမြဲဓလေ့၊ ကြပတေ့ဖြင့်၊ မမေ့မကျန်၊ ပြည်ကြီးဝန်ကို၊ ကြိမ်ဘန်များစွာ၊ ကြံစည်ရာသော၊ အကြောင်းတို့ကိုလည်း သိစေချင်လှသော။

ပင်လုံးချွတ်လျှင်၊ နီတွတ်လှတင့်၊ အပွင့်ရဲရဲ၊ ပေါက်ထဲကျေးနေ၊ သိခဲတွေဖြင့်၊ မိုးခြေတိမ်သွင်၊ ဥတွင်ကြက်သူငယ်၊ လျှပ်ရောင်ဝယ်၌၊ ခြည်သွယ်သေးဖွဲ၊ ပုလဲလုံးညီ၊ သီသော်ခဲ၏၊ နက်နဲဆွေးနွေး၊ ပြည်ထဲရေးကို၊ ဆွေးနွေးထောက်၍၊ မမေ့မလျော့၊ မပေါ့မလေး၊ မနှေးမလျင်၊ မျော်မြင်အရေး၊ အတွေးအခေါ်၊ အမျှော်အတင့်၊ လုပ်ကြံပြင်းလျက်၊ သူချင်းသိလို၊သူလျှိုစေစမ်း၊ ပေးကမ်းဘော်ခွဲ၊ ခဲသော်ကားဆို၊ တိုသော်ကားဖြတ်၊ ရစ်ပတ်ရှည်ဆက်၊ မျက်ထွက်ကားနည်း၊ သည်းခံကားများ၊ စားတော်အတန်၊ ပေးသော်အလွန်၊ ဝေဘန်အင၊ ပြင်းပြအမျက်၊ ထွက်လသော့ခါ၊ ပညာချွန်းအုပ်၊ ဆုပ်သော်ဖရိုဖရဲ၊ ကြဲသော်တထွေးလုံးလုံး၊ ကျင့်ထုံးရမည်၊ လက်ရှည်လေးသက်၊ ရပ်လျက်ခေါ်ကြည့်၊ ပုံချည်းလာချုပ်၊ စိုးအုပ်တိပ်မှိုင်း၊ ပြည်ကြီးတိုင်းကို၊ နေ့တိုင်းထပ်လျက်၊ ကျင့်တမ်းမမေ့၊ အဓလေ့ဖြင့်၊ ညံ့မွေ့ဝါဂွမ်း၊ ကြိမ်းသော်သံယောင်၊ ပြည်ထောင်မိတ်ပူ၊ ပျားလူးနှုတ်ချို၊ မိန့်ဆိုညင်းပြု၊ စေကြုသဝန်၊ တမန်ခေါင်ဖျား၊ မင်းတပါးအား၊ စကားစပ်နှံ၊ ခြောမံကျွန်ငင်၊ ထက်တင်မောင်းနင်း၊ အခြင်းသုံးပါး၊ ဤနည်းများကို၊ မှတ်သားသော့ခြင်၊ နှလုံးသွင်း၍၊ ညံ့ပြင်းလျော့လျား၊ တပါးပါးဖြင့်၊ တန်တားမှာစာ စေလိုက်ရာသော အကြောင်းကိုလည်း သိတော်မူစေခြင်လှသော။ ။ ဟူသောအကြောင်းတို့ကို သွင်းသောအခြင်းအရာတို့ကို မဟာဓမ္မရာဇ်အား ဆင့်ပွား၍ မှတ်သားတော်မူစေခြင်းငှါ ထပ်၍မေတ္တာဇာသွင်းသည် မဟာဓမ္မရာဇ် တရားမင်းမြတ်။ ။





0 comments:

Post a Comment