ညောင်ရမ်းခေတ်သွင်းစာများ (၂၂)

on Sunday, January 23, 2011

သင်္ကြံခေါ်ခြင်း၊ ယတြာစီရင်ခြင်း၊ မီးနတ် စန္ဒီနတ်တို့ကို ပူဇော်ခြင်းတို့ဖြင့် မည်သို့အကျိုးရှိသည်ကို သိလိုပါသည်။

ရေမြေရှင်လျှောက်သည်ဆရာတော် ---
အစိုးရသောမင်းတို့သည် ပဏ္ဍိတပညာရှိပုံဏားတို့ကို သုံးတော်မူသည်။ ပဏ္ဍိတပညာရှိပုံဏားတို့က မဟာသင်္ကြံခေါ်သင့်သည်၊ သင်္ကြံလတ်ခေါ်သင့်သည်၊ နှစ်သစ်သင်္ကြံခေါ်သင့်သည်။ နေလကြပ်လျှင်လည်း နေကြပ်လကြပ်သင်္ကြန်ခေါ်သင့်သည်။ သစ်ဝါးနံစံတို့ဖြင့် အင်းပြားခံထား၍ မြေသို့တိုင်မစိုက်ဘဲ သစ်လုံးတွင်သာစိုက်၍ မဟာယတရာကြီးစီရင်သောခါ ရုပ်မျိုးခံသည်အရာများသည် ကမ္ဘာဦး မဟာသမတမင်းတို့မှစ၍ ၁၁-ဆက်သောမဟာသမတမင်းတို့လက်ထက်စီရင်သောထုံးစံ တကြောင်းလည်း မိုးနတ်ပုဇ္ဇော်သည် အရာများသည် မီးနတ်ကိုနှစ်သက်သောပုံဏားတို့သည် မဟာဗောဓိပင်ရှိသော သီဟိုဠ်ကျွန်း၌ ဗောဓိပင်များကို ခုတ်ထစ်တူးဆွ နှုတ်ပစ်ဖျက်ဆီးသော ကျည်းကုလား၊ ကျည်းပုံဏားတို့သည် မိစ္ဆာဒိဋ္ဌိဖြစ်သည်။ မီးနတ်ကို အားထုတ်၍ မြန်မာပြည်မြန်မာနန်း၌ ပဇာအကျိုးရှိအံ့နည်း။ စန္ဒီနတ်လည်း တရုတ်တရက်ရှမ်းတို့ မိရိုးဘလားပုဇ္ဇော်သည် စန္ဒီနတ်ကို ပုဇ္ဇော်စေ၍ ပဇာအကျိုးရှိအံ့နည်း။ သိသာတော်မူသာအောင် စာသွင်းတော်မူပါဆရာတော်။    ။
မြတ်စံနှင့်ကျော်ထင်ကို စေတော်မူသည်။

မှာလိုက်သည်ကား ---
မိန်ရာသီကသည် မိဿရာသီသို့ ကောဇာ ၁-နွေ တရာသီတရာသီတွင် ရက် ၃၀-စေ့၍ပြောင်းသည်ကို သင်္ကြံခေါ်စကုန်သည်။ ထိုအခါ ၇-ရက်သားတို့သည် ဥက္ခောင်းဆေးတုံသည်ကား ရာသီ ၁၂-သည် ၁-နှစ်၊ ရက် ၃၀-လျှင် ၁-လ၊ နာရီ ၆၀-လျှင် တနေ့နှင့်တညဥ့်ဖြစ်၍ လတိုင်းသင်္ကြံပြောင်းသည်ကား အင်္သာသုံသည်၊ လိတ္တာသုံသည်၊ ရာသီမသုံ၊ မဟာသင်္ကြံကား ရာသီသုံ၊ အင်္သာသုံ၊ လိတ္တာသုံ အသုံသုံးပါးညီ၍ သုညသုံးလုံးမြင်သောခါ  ကမ္ဘာပေါ်စ မဟာသမတတို့မှစ၍ မဟာသမတဆယ်ဆက်သောမင်းတို့သည် ဦးဆေးလျှော်၍ ကိုယ်တော်ကိုဆေးကြော၍ ရှင်ရသေ့တို့ရွတ်သော ပရိတ်တော်ခံသောအမှုကိုပြု၍ ရာဇပလ္လင်ဥဂင်လှိုင်နန်းကို ဆေးကြောသောအခြင်းအရာကို ဆောင်သည်။ ယောင်္ကျား မိန်းမတို့ကို ရေသွန်းကုန်သည်။ ရှင်ရသေ့တို့အား လှူဒါန်းကုန်သည်များကို ဗေဒင်သုံးပုံတွင် ရှိသည်။

မင်းဧကရာဇ်တို့၌ ဇာတာစည်းလက်တို့ကိုလည်းကောင်း၊ ပထမ ဒုတိယ တတိယတိုင်ထူ၍ ထွက်သမျှတို့ကို သော်လည်းကောင်း၊ ကောဇာသောမဂြိုဟ်ပါပတို့နှင့်သော်လည်းကောင်း၊ သမသတ်မျှော်သော် လည်းကောင်း၊ ဇာတာအယိုအကျရှိသော်လည်းကောင်း၊ မြို့တွင်းနန်းတွင်းသို့ မိုးကြိုးလောင်မီးကျသော် လည်းကောင်း၊ မြို့တွင်းနန်းတွင်းသို့ ငှက်တွေကျီးကျသော်လည်းကောင်း၊ တောင်ပို့ရောက်သော် လည်းကောင်း၊ မြေစုံတက်သော်လည်းကောင်း၊ အဆောင်များတွင် အထွတ်ကျသော်လည်းကောင်း၊ တဆောင်များ၌ ဒုပိကာ ထီးကျသော်လည်းကောင်း၊ ဘုရားပုထိုးများတွင်ရှိသော ထီးတော်များကျသော် လည်းကောင်း၊ မြို့တံခါးပြစသော မြို့ရိုးပြိုသော်လည်းကောင်း၊ ဗဟိုစည် အိမ့်ရှင်စည်ကွဲသော် ပေါက်သော်လည်းကောင်း၊ နန်းဆောင်တော်များ၌ ငှက်မကောင်းနားသော်လည်းကောင်း၊

ထိုမှတပါး သတ္တဝါတို့တွင် ထူး၍မဖြစ်သမျှတို့သည် ထင်ရှားသော်လည်းကောင်း၊ မြေနှိမ့်သော်လည်းကောင်း၊ မိုးကြိုးလောင်မီးအချက်များစွာ ပစ်သော် ကျသော်လည်းကောင်း၊ မကောင်းစွာသော စနည်း တဘောင် တိတ်နိမိတ်မြင်သော်လည်းကောင်း၊ မကောင်းစွာအိမ်မက်တို့သည် မြင်သော်လည်းကောင်း၊ ထိုထိုသော အကြောင်းရှိမှ ခုနစ်နှစ်မြောက်တကြိမ်၊ မကောင်းသမျှကို တာ ၅၀၀-ခွါ၍ ဆေးချွတ်လျှင် အစိုးရသော မင်းတို့နှင့်တော်လျော်အောင် နန်းဆောင်တော်တံခါး ထိုအရပ်၌ နန်းဆောင်တန်ဆောင်ဆောက်၍ ရွှေမှုန့် ငွေမှုန့် သံမှုန့် နဝရတ်မှုန့် မိုးကြိုးသွားကျောက်မှုန့် အမြုတေမျိုးမှုန့် မြေမှုန့် ဆေးမှုန့်အစရှိသည်တို့ဖြင့် စီရင်အပ်သောအမှု မန္တာန်တော်ကိုမန်းမှုတ်စေသော အိုးဘိုအိုးမ ရွှေခြည် ငွေခြည် သံခြည် ကြေးဝါခြည် မဲခြည် နီဝါးခြည် ခြည်ဖြူဟူသောရမျှင်တို့ကို ပေါင်း၍အကွင်းပြုအပ်သောခြည်ကွင်း၊ မှုန့်ညက် သမ္ဗုဒ္ဓေ အပ္ပကာ ဝါဠုကာ စိတ်မန်းသောအရာ တရောရမည် ကင်ပွန်းသီးပြုတ်အရည်တွင် ရေခံရေ မြစ်ဆုံရေ ချောင်းဆုံရေ တောင်ထိပ်ရေ သစ်ခွရေ လယ်ကွက်တွင်းရေ မိုးရေ ကျောက်တွင်းရေစသော ရေမျိုးတို့ကိုပေါင်း၍ သစ်အပ်သောရေမျိုးတို့ဖြင့် ပြုစု၍ ဦးဆေးဆံလျှော် ကိုယ်တော်ဆေးချွတ် ပြုသောအရာတို့ကို မဟာသင်္ကြန်ကြီးခေါ်သည်။

ကမ္ဘာဦးစကားရှိသည်။ ထိုသို့မကောင်းစွာဆေးကြောသော ပရိကံတို့ကို မီးရှို့ရသည်။ မြို့တွင်းသို့မသွင်းရ၊ ရှေးမဟာသမတမင်းတို့လက်ထက် စီရင်သည်။ ကျွဲရုပ်၊ နွားရုပ်၊ လူရုပ်၊ မြင်းရုပ်၊ ဆင်ရုပ်မှစ၍ ရုပ်မျိုးတထောင်ကိုလည်း ဘယောင်းနှင့်လေးကျွန်းမြေ အိုးထိန်းလက်စက်မြေတို့ကို ပေါင်း၍လုပ်ပြီးမှ ဂြိုဟ်သန္ဓေမျိုး သျှန္တီမျိုးတို့ကို ရွတ်၍ ဆေးတွင်မှ သွင်း၍ ခံသည်သာ၊သဇီဝသန္တံရှိသော သတ္တဝါတို့ကို ခံ၍ မဟာသင်္ကြံတော် ခေါ်တော်မမူကုန်။မီးနတ်ကို အမေးတော်ရှိရာမှာလည်း ပုံဏားဆိုး ပုံဏားညစ်တို့သည် သေမဲ ဟင်းလျာစားသောက်လို၍ တရိစ္ဆာန်တို့ကို တည်ထားကျင်းပသည် အရာတည်း။ကြေးကုလား ကြေးပုံဏားတို့ သည်  ထိုရသေ့ဆိုး ရသေ့မိုက်တို့က နွှယ်သော အနွှယ်ကြေးမျိုးဖြစ်၍ မဟာသင်္ကြံတော်ကြီးခေါ်သောအခါ စားလိုသောက်လိုယူလို၍ ဆင့်ပွါးပြုသသောအရာကို သိတော်မူ ကောင်းတော့သည်၊နတ်ပေါင်း ၅၅၀ပုဇ္ဖော်လျှင် ဥပတ်အန္တရာယ်တို့ကို နှင်လွှင့်ပြီ။စန္ဒီနတ်ကို ပုဇ္ဖော်သည့် အရာ၌လည်း တရုတ်တရက် ရှမ်းသက်ချင်းယင် အင် ကြယ်စသော မိစ္ဆာဇီဝလူတို့ကိုးကွယ်သော နတ်ကို ရေမြေရှင်က စရိတ်ပေး၍ ပူဇော်စေလျှင် သူ့ရှေ့နေကို ကွမ်း ကမ်းမှားသောလောကူပမာကဲ့သို့ မရှိခဲ့ပြီလော၊ပုဇ္ဖော်ရိုးကား သောတာပန် သကဒါဂန် အနာဂန် စတုလောကပါ လနတ်တို့ကို တောင်းပန်ခြင်း လုပ်ကြွေးခြင်းတို့ကို ပြုရာ၏၊ဗြဟ္မာသကြားမင်းတို့ကို ပုဇ္ဖော်ရာ၏ဟူသော အရာတို့ကို ဗေဒင်ကျမ်းရိုးမှ လာသော အစီရင် ဟိတကာရီမှာလာသော အစီရင်တို့ဖြင့် ဆောင်အပ်ပေးအပ်၏။ စီရင်စေအပ်၏။

အရိယာသံဃာတော်တို့အား ပင့်၍ လပြည့်သတင်း၊လကွယ်သတင်း၊လ္ဆန်းသတင်းလဆုတ် သတင်းတို့၌ လှူဒါန်းပူဇော်ခြင်းကား နိဗ္ဗာန်အလို့ငှါတည်း။မွေးနေ့ကို ကျွေးသော ဆွမ်းလှူသော အလှူတော်ကို ထိုထိုသော မင်းတို့၌ ယတရာပြုသော အမှုတည်း၊လောကအမှုပြေကောင်း၏။နိဗ္ဗာန်မှာ စကြာဝဠာ ခန့်ဝေးချေသည်များကို နှလုံးတော်သွင်း၍ လ္ဆန်းပက္ခ ၊လဆုတ်ပက္ခ လပြည့်လကွယ်နေ့များကို ရတနာသုံးပါးတို့အား လှူတမ်းပေးကမ်းသောအရာသည် သီလအစ မဂ်ဖိုလ် အလယ် နိဗ္ဗာန် အဆုံးတိုင်အောင် အကျိုးတော်ပေးသည် ကို နှလုံးသွင်းအပ်သည် ၊မဟာဓမ္မရာဇ်တရားမင်းမြတ်။
(သက္ကရာဇ် ၁၀၆၅ ခု၊ တပို့တွဲလဆန်း ၁၀-ရက်နေ့၊ လယ်ပြင်ရွှေကျောင်း ဇိနာရာမ မဟာဓမ္မရာဇဂုရု ဆရာတော်က သွင်းသည့်စာ။ )


0 comments:

Post a Comment