ညောင်ရမ်းခေတ်သွင်းစာများ (၂၈)

on Wednesday, January 26, 2011

ရဟန်းကို ဥစ္စာနှံ၍ အခင်းဖြစ်ပါသည်ကို ဝိနည်းအဆုံးအဖြတ် သိလိုပါသည်။

ရေမြေရှင်လျှောက်သည်ဆရာတော် ---
လယ်ပြင်ရွှေကျောင်း ဇိနာရာမမဟာဓမ္မရာဇဂုရုဆရာတော်မှာ စန္ဒာဒေဝီမိဖုရား ခမည်းတော် ဥစ္စာငွေ ၂၀-အပ်သည်။ နောက်ဥစ္စာရှင်က အကြိမ်ကြိမ်ယူသည်၊ ဆရာ တကာ အကျွမ်းဝင်ကြသည်၊ ချစ်ကြသည်၊ လေးမြတ်ကြသည်ဖြစ်၍ ယူသမျှကို အမှတ်အသားမရှိ ယူလျှင်ပေးသည်။ နောက် ဥစ္စာရှင်ယောက်ျားမရှိနောက် ဥစ္စာရှင်မိန်းမနှင့်ဆရာတော် နှစ်ခွန်းစကားဖြစ်ကြရာတွင် ဝိနည်းထိုဆရာတော်ရှေ့ အယူအကောက်ကိုခံသည်။ ဆရာတော်ကျောင်းမှာ ယူလှာသူတို့ပြစေ၊ မပြန်လျှင် ငွေမဆုံသာ၊ လက္ခံသူကပေးစေ၊ ကောက်ယူရာတွင် ဆရာတော်အား အမှတ်အသားမရှိ၊ တပည့်အာသဘလောက သွင်းယူလှာသူတို့အမည်ကို မှတ်သည်။ ၃-ကြိမ် ယူငွေ ၉-ပိဿာစာရရှိသည်၊ ၁၁-ပိဿာငွေစာရင်းမရ လက္ခံသည့်ဆရာတော်က ပေးစေ ကောက်ယူရာသည်။ ကောက်ခုအတိုင်းမပေးလျှင် အဒိန္နံ ထေယျသင်္ခါတံ န အာဒါတဗ္ဗံ ဝိနည်းတော်ပြသည့်အတိုင်းဖြစ်စေ၊ ကောက်ချက်အတိုင်း ရေမြေရှင်က ဆရာရင်းဖြစ်၍ စန္ဒာဒေဝီမိဖုရား ခမည်းတော် မယ်တော်ဥစ္စာရပ် ၁၁-ပိဿာငွေကို ဘဏ္ဍာစာတည်ပါမည် သင့်ပါလော။ ငွေပင်ချိန် ကျပ်သင်္ချာပြ၍ ချိန်ပေးရမည်လော၊ တကာတော်က ဘဏ္ဍာစားတည်လျှင် လယ်ပြင်ရွှေကျောင်းဆရာတော် အမှုမျိုး ရဟန်းသင်္ဃာတို့ စက်ဆုပ်အပ်သောအရာလွတ်၍ ပကတိ ရှေးသိက္ခာတော်ယူသည့်အတိုင်း တည်ပါအံ့လောဟူ၍ ၁၂-ပါးသော ဝိနည်းကောက်အဆုံးအဖြတ် ဆရာတော်တို့ကို လျှောက်သည်။
သက္ကရာဇ် ၁၀၆၀-ခု၊ တပို့တွဲလ္ဆန်း ၁၃-ရက်နေ့၊ စည်သူရွာစား၊ ကညင်မြောင်စားတို့ကို စေတော်မူသည်။

ဆရာတော် တကျိပ် ၂-ပါး ကြားသည်ရေမြေ့ရှင် ---
          စန္ဒာဒေဝီမိဖုရား ခမည်းတော်ဥစ္စာငွေချိန် ၂၀-ကို ဇိနာရာမ မဟာဓမ္မရာဇဂုရုဆရာတော် မှာအပ်သည်။ အကြိမ်ကြိမ်ယူသည်ကို ဆရာကလည်းပေးသည်။ တကာကလည်း ယူကြလေတော့သည်သာ မမှတ်မသား ရှိသည်။ နောက်သုံးကြိမ်ယူသည့် ငွေ ၉-ပိဿာကိုမူကား တပည့်ပဉ္ဇင်းကမှတ်၍ သိရသည်။ အပ်ရင်းဥစ္စာ ဘဏ္ဍာကိုလည်း စာရင်းနှင့်ယူရမည်၊ ပေးလည်းစာရင်းနှင့်ပေးရမည်ကို မမှတ်မသား ဆရာနှင့်တကာ ချိန်းချက် စကားမှာသာ အကြောင်းဖြစ်သည်။ တကာအပ်သောခါ ယူလျှင်ပေးပါ အထူးစိတ်မရှိ၊ ကုန်ချိန်ရောက်လျှင် ကုံစေတော့ဆို၍ ဆရာက အမှတ်အသားမထားနေသည်ဖြစ်မည်။ ဆရာကလည်း တကာယူသည့်အကြိမ်ကို သိနိုင်တော့မည်လော။ ငွေကုံလျှင် ပြေတော့သည်ယူ၍ အမှတ်အသား မထားနေမည်ဖြစ်မည်ကို စစ်ရမည်။ ထိုသို့မဟုတ် ယူသည်အကြိမ်များသည်၊ တကာက သိနိုင်မည်မဟုတ် ယူ၍ ဥစ္စာရှင်ငွေဟူ၍လည်း သိစေ၊ ခိုးလိုသောစိတ်လည်း ရှိစေ၊ ခိုးလည်းခိုးစေ။ ဤသို့အင်္ဂါ ၃-ပါးညီချေလျှင်မူကား အဒိန္နံ ထေယျသင်္ခါတံ န အာဒါတဗ္ဗံ၊ အသမဏော အသကျပုတ္တိယော ဟူ၍ ယူရမည်။

          ဆရာတော်လည်း မမှတ်မသား၊ တကာ၌လည်း စာရင်းမထား၊ ယုံကြ၍ အထူးမရှိကြလျှင် သင်္ကာစွန်းငြိဘွယ်မရှိ၊ ဥစ္စာရှင်မရှိ၍ မိဘုရားမယ်တော်က တောင်းသည်ကို ဆရာတော်ကမပေးနေသည်။ မင်းယောက်ျားတို့က တောင်းသည်ယူသည်၊ စေသူတို့ကို မင်းမိန်းမ မသိနေသာမည်မဟုတ်၊ သိသည့်အတိုင်းပြစေ။ ဆရာတော်တပည့် ပဉ္ဇင်းမှတ်သားသည့်ငွေ ၉-ပိဿာကို ပစေ၊ ၁၁-ပိဿာငွေမှာ မိဘုရားမယ်တော်ကို သစ္စာပြုစေ၊ သစ္စာပြုဝံ့လျှင် ဆရာတော်ကလျော်စေ။ ငွေလျော်ရလျှင် ဆရာတော်ကို ဝတ်ဖြူလဲစေ၊ မိဖုရားမယ်တော် သစ္စာစကားမဆိုဝံ့လျှင် ငွေကိုလည်းဆုံးစေ၊ ဆြာတော်ကိုလည်း ဝတ်ဖြူလဲစေ၊ မကောက်မယူသာ။ ကောက်တန်းထားသည်ရေမြေရှင်က မိဘုရားမယ်တော်အမှု ဆရာတော်အမှုကို သိမ်း၍ ဘဏ္ဍာစားတည်လျှင်မူကား ဆရာမှာလည်း အပြစ်မရှိ၊ တကာမှာလည်း အပြစ်မရှိ ဖြစ်တော့သည်။

          ဘဏ္ဍာစားတည်ရာမှာ သူတပါးဥစ္စာဟူ၍လည်း သိစေ၊ ခိုးလိုသောစိတ်လည်း ရှိစေ၊ ခိုးလည်း ခိုးယူစေ၊ ဤအင်္ဂါညီမှ သိက္ခာတော်ကိုယ်မှ လွတ်မည်။ ပါဒံဝါ ပါဒါရဟံဝါ အတိရေကပါဒံဝါ ကျမ်းလာသည်။ တမတ်သော်လည်းဖြစ်စေ၊ တမတ်ထိုက်သောဥစ္စာသော်လည်းဖြစ်စေ၊ တမတ်ထက်လွန်သော ဥစ္စာသော် ၍လည်းဖြစ်စေ၊ ခိုးသော်လည်း ပါရာဇိကခိုးလိုသောစိတ်ရှိ၏။ မခိုးမယူလျှင် ထုလ္လစည်းအာပတ်တတ်သည်။ သူ၏ဥစ္စာကိုလည်း သိ၏၊ ခိုးလိုသောစိတ်လည်း မရှိ၊ ခိုးလည်းမခိုးသည်မှာ ရဟန်းမှုအထူးမရှိ၊ အင်္ဂါ ၃-ပါးမညီသည် ကြေးငွေတို့ကိုနည်း ထိုနည်းကောက်၊ ဝိနည်းအဆုံးအဖြတ် ဆရာတော်တို့သည် တရားမင်းမြတ်ဘုန်းအာဏာကို အာဏာပြု၍ ငွေ ၁၀၀-ကိုချေး၍တော်သော်လည်း ပါရာဇိကမရောက်၊ ကြေးငွေ ရွှေ ကိုင်ချေရာမှာ နိသဂ္ဂိအာပတ်သည်၊ ပေးရသူတို့ကလည်း မခံနိုင်၍ပေးသည်၊ ကြောက်၍ပေးရသည် အရာသာဖြစ်သည်၊ လယ်ပြင်ရွှေကျောင်းဆရာတော်ကို သိက္ခာတော်မှလွတ်စေ၊ ဝိနည်းတော်မရှိချေ၊ ဝိနည်းတော်မှ မလွတ်သမျှသည် ဥစ္စာအပ်ရင်းသူတို့ ဥစ္စာဆုံးသော်လည်း ဥစ္စာရှင်က ယူစလည်းရှိသည်၊ ဆရာက ပေးစလည်းရှိချေသည်၊ မမှတ်သည့်အချက်သာ ဆရာတော်တွင် အပြစ်ရှိသည်၊ ရေမြေရှင်က ဘဏ္ဍာစား တည်ပါမည်၊ ဆရာတော်တို့ကို လျှောက်ရာမှာ တည်စေတော့မဆိုသာ၊ ဘဏ္ဍာစားတည်ရချေလျှင် ဆရာတော်ကို အများသင်္ကာစွန်းငြိကြလေလျှင် ပစ်မှားသူတို့မှာ အပါယ်လားရမည်အကြောင်းဖြစ်တော့သည်။

          ဆရာနှင့်တပည့် ဆရာနှင့်တကာ ကြမ္မာကိုယိုးကြ၍ လက်ဆုပ်ဖြေ၍နေကြလျှင် သင့်တော့သည်။ ၁၁-ပိဿာငွေသည် ရေမြေရှင်မှာ ဘိတ်စည်သည့်ခန့်မျှမရှိ ပေးလည်းသင့်၏။ မပေးလည်း သင့်၏။ လယ်ပြင်ရွှေကျောင်း ဇိနာရာမ မဟာဓမ္မရာဇဂုရုဆရာတော်သည် ရေမြေရှင်ငယ်ရွယ်ခါက ပြုစုမစ သွန်သင်၍ အလုံးစုံပြီးပြေချေသည်။ ကျေးဇူးတော်ကို ဆပ်သည်လည်း မည်တော့သည်။ ဆရာ၌ အမှုရှိလျှင် တပည့်ထောက်မသည်လည်း မည်တော့သည်။ ဆရာတော်မှာ အပြစ်မရှိဟူ၍ နှလုံးတော်အမြဲသွင်းကောင်း ရချိမ့်မည် တရားမင်းမြတ်။   

0 comments:

Post a Comment